News @ M-Media

လတ်တလော ရှမ်းမြောက်တိုက်ပွဲများကြောင့် အရပ်သား ၁၇ ဦးသေဆုံး၊ ၂၇ ဦးဒဏ်ရာရ

စက်တင်ဘာ ၈၊ ၂၀၁၉
M-Media

မဟာမိတ် ၃ ဖွဲ့ ဖျက်ဆီးခဲ့သည့် ဂုတ်တွင်းတံတား

-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား
ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဖို့
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၇ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရခဲ့ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ကလည်း ၇၅၀၀ လောက်ရှိနေပြီး ၃၅၀၀ က ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရပါတယ်။

ထိခိုက်ခံစားရသူတွေကို အကူအညီပေးရေး ကားတန်းတွေကို အစိုးရစ်စတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂ ခုစလုံးက တားဆီးဟန့်တားမှုတွေ ရှိနေတာကြောင့် အစားအသောက်နဲ့ ဆေးဝါး ပြတ်တောက်မှု ဖြစ်နေတယ်လို့ NGO အဖွဲ့အစည်းတွေက HRW ကို ပြောကြားခဲ့ပါတယ်။

“အရပ်သားတွေကို အကာအကွယ်ပေးရေးဟာ စစ်ပွဲရဲ့ အဓိကလိုက်နာရမယ့် စည်းကမ်း ဖြစ်တယ်ဆိုတာ အစိုးရစစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေကပါ အသိအမှတ်ပြုရပါမယ်။ အရပ်သားတွေအပေါ် တရားလက်လွတ် တိုက်ခိုက်တာမျိုး နှစ်ဖက်စလုံးက ရပ်တန့်ပြီး၊ လို အပ်နေတဲ့သူတွေထံ အကူအညီတွေရောက်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” လို့ HRW ရဲ့ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်က ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လာရှိုး၊ နောင်ချိုနဲ့
ပြင်ဦးလွင်တို့က စစ်ဖက်၊ အရပ်ဖက် ပစ်မှတ်တွေကို သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်ပြီးတဲ့နောက် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

Ref: hrw.org