News @ M-Media

ယူကရိန်း ခရီးသည်တင်လေယာဉ်ကို အီရန်က မှားယွင်းပစ်ချခဲ့ဟု အနောက်နိုင်ငံများ ဖော်ပြ

ဇန်နဝါရီ ၁၀၊ ၂၀၂၀
M-Media

-ဗုဒ္ဓဟူးနေ့က တီဟီရန်မှာ ပျက်ကျသွားတဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ အီရန်ရဲ့ လေကြောင်းရန်ကာကွယ်စနစ်က ပစ်ချလိုက်လို့ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲပြောကြားလိုက်ပြီး အီရန်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်း ၂ ခုကို ဒုံးကျည်တွေနဲ့ အီရန်က ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဒီလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာပါ။ အီမာမ်ခိုမေနီလေဆိပ်က ပျံတက်အပြီး ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်အတွင်း လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ကနေဒါ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒူက လေယာဉ်ဟာ အီရန် လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ ပစ်ချမှုကို ခံလိုက်ရတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရကြောင်း၊ ဒါဟာ မှားယွင်းပစ်ခတ်တာ ဖြစ်နိုင်ကြောငး ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အမေရိကန်မီဒီယာတွေကလည်း အီရန်ဟာ အမေရိကန်ရဲ့ လက်တုန့်ပြန်မှုကို ရင်ဆိုင်ဖို့ အလေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ဖွင့်ထားချိန် ယူကရိန်းလေကြောင်းလိုင်းက လေယာဉ်အမှတ် PS752 ကို အမေရိကန်စစ်လေယာဉ်အဖြစ် မှတ်ယူကာ မှားယွင်းပစ်ချလိုက်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

လေယာဉ်မပျက်ကျခင် ဒုံးကျည်လို့ယူဆရတဲ့ အလင်းတန်းတစ်ခု ရိုက်မိကာ စက္ကန်ပိုင်းအကြာမှာ ပျက်ကျသံကြားရတဲ့ ဗီဒီယိုတစ်ခုကို နယူးယောက်တိုင်းမ်းစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတွေက ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ ရုရှားလုပ် Tor ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာလို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။ ကနေဒါနဲ့ ယူကေတို့အပါအဝင် အနောက်နိုင်ငံတွက ခေါင်းဆောင်တွေက လေယာဉ်ပျက်ကျမှုအတွက် ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အီရန်ကို တိုက်တွန်းခဲ့ပါတယ်။

ငြင်းဆို

အီရန်က ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး အီရန်အပေါ် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

လေယာဉ်ဟာ အင်ဂျင်မီးလောင်တဲ့အတွက် လေဆိပ်ကို ပြန်အလာမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့လည်း အီရန်က ထုတ်ပြန်ထားပါတယ်။

လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရာမှာ ပါဝင်ဖို့အတွက်လည်း အီရန်ဟာ ယူကရိန်း၊ ဘိုးအင်းကုမ္ပဏီက တာဝန်ရှိသူတွေ၊ အမေရိကန် ပို့ဆောင်ရေးဌာနက တာဝန်ရှိသူတွေကို ဖိတ်ခေါ်ထားပါတယ်။

Ref: BBC, Aljazeera