News @ M-Media

ပါလက်စတိုင်း တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (မေ ၅၊ ၂၀၂၅)

(ဓာတ်ပုံ – ဂါဇာမှ လက်ရှိမြင်ကွင်းတစ်ခု)

M-Media

ဂါဇာက ဂျီနိုဆိုက်
————
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဂါဇာကို အကူအညီတွေ ၀င်မရအောင် အစ္စရေးက ဆက်လက်ပိတ်ဆို့ထားမှုကို “လူမျိုးတုန်းသတ်ဖြတ်မှု” လို့ ပြင်းပြင်းထန်ထန် ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ အစ္စရေးဟာ ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်တစ်ခုအဖြစ် အသုံးပြုနေပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂါဇာက ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ဟာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ၊ အစာရေစာ ဖြတ်တောက်ပိတ်ဆို့မှုတွေကို ၁ နှစ်ကျော်ကြာ ခါးစီးခံနေရတာ ဖြစ်ပါတယ်။ Amnesty International က ပိတ်ဆို့မှု ချက်ချင်းရပ်ပြီး ဂါဇာထဲကို အသက်ကယ်အကူအညီတွေ ဝင်ခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဗုံးကြဲခံရတဲ့ ပရဟိတအသင်း
———–
ဂါဇာအလယ်ပိုင်း အလ်ဂျာလာလမ်းမက ပရဟိတအဖွဲ့ အဆောက်အဦးကို အစ္စရေးက ဒီကနေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အကူအညီပေးမှုကိုလည်း နှောက်ယှက်
————
ဂါဇာထဲ အကူအညီတွေ မ၀င်နိုင်အောင် အစ္စရေးက ပိတ်ဆို့ထားတာကြောင့် ဂါဇာပြည်သူတွေဟာ အစားအသောက်၊ ရေ နဲ့ ဆေးဝါးတွေ မရရှိတော့ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းကလည်း အစ္စရေးလက်ချက်ကြောင့် ပြိုလဲမယ့်အခြေအနေရောက်နေပြီလို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က သတိပေးလိုက်ပါတယ်။ လက်ရှိမှာ အာဟာရချို့တဲ့မှုနဲ့ ရေဓာတ်ခန်းခြောက်မှုတို့ကြောင့် ကလေးငယ် ၂၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြေအနေတွေ ပိုဆိုးလာနေတာကြောင့် အကူအညီပေးရေးအဖွဲ့တွေ အရေးပေါ်ဝင်ရောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အကူအညီပေးရေးသင်္ဘော
—————–
ဂါဇာကို သွားနေတဲ့ အကူအညီပေးရေး သင်္ဘောတစ်စီး မော်လ်တာနိုင်ငံရေပြင်မှာ ဒီကနေ့ မနက်က ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရပြီး ဒီကိစ္စကို စုံစမ်စစ်ဆေးဖို့ Euro-Med Human Rights Monitor လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို တားဆီးတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ဆိုပါတယ်။ မော်လ်တာအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ ကုလသမဂ္ဂက ကိုင်တွယ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့နဲ့ အကူအညီတွေ လုံခြုံစွာ ပို့ဆောင်နိုင်ဖို့ကိုလည်း အဖွဲ့က တိုက်တွန်းထားပါတယ်။ ဒီလို အရေးမယူနိုင်ရင် နောက်ထပ် တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပြီး ဂါဇာရဲ့ အကျပ်အတည်းကို ပိုဆိုးစေမယ်လို့ သတိပေးထားပါတယ်။

Ref: Aljazeera