News @ M-Media

အရက်ဖက်သုံး နျူပါ၀ါနိုင်ငံဖြစ်အောင် ကြိုးစားလာတဲ့ ဆော်ဒီအာရေဗျ

မေ ၁၀၊ ၂၀၂၅
M-Media

(ဓာတ်ပုံ – ရီယာ့ဒ်မြို့ မြင်ကွင်း)

ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့တဲ့နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျဟာ နျူကလီးယားစွမ်းအင် အသုံးပြုမှုမှာ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာဖို့ အာရုံစိုက် ဆောင်ရွက်လာပါတယ်။

နျူအစီအစဥ်ဟာ စွမ်းအင်အရင်းအမြစ်တွေ အမျိုးမျိုး အသုံးပြုနိုင်ဖို့၊ ပြည်တွင်းရေနံသုံးစွဲမှုကို လျှော့ချဖို့နဲ့ အိမ်ရှေ့မင်းသား ဘင်ဆလ်မန်ရဲ့ ၂၀၃၀ ဖွံ့ဖြိုးရေးစီမံကိန်းကို အထောက်အပံ့ဖြစ်စေဖို့လည်း ရည်ရွယ်ပါတယ်။ ဆော်ဒီဟာ လျှပ်စစ်ရဖို့နဲ့ သောက်သုံးရေ သန့်စင်ဖို့အတွက် ရေနံနဲ့ ဓာတ်ငွေ့သုံး စက်ရုံတွေကို အဓိက အားထားနေရတာပါ။ နျူစွမ်းအင်ဟာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မှာဖြစ်သလို၊ စွမ်းအင်အတွက် ရေနံအသုံးပြုနေရတာကို ချွေတာနိုင်မှာဖြစ်တဲ့အတွက် ပြည်ပရေနံတင်ပို့မှုကို ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။

ဆော်ဒီဟာ အရပ်ဖက်နျူစီမံကိန်းကနေ နျူလက်နက်ရဖို့ အားထုတ်နိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။ အီရန်က နျူလက်နက်ပိုင်ဆိုင်လာရင် သူတို့လည်း ပိုင်ဆိုင်အောင် လုပ်ဆောင်မယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသားက ပြောကြားဖူးပါတယ်။

အမေရိကန်ကတော့ ဆော်ဒီနဲ့ အရပ်ဖက်နျူစီမံကိန်းအတွက် ညှိနှိုင်းနေပါတယ်။ သဘောတူညီချက်မှာ နျူလက်နက်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ မဟာဗျူဟာကျတဲ့ ကန့်သတ်ချက်တွေ ပါ၀င်လာမှာဖြစ်ပြီး အမေရိကန်အတွက် စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ညှိနှိုင်းမှုမအောင်မြင်ရင်တော့ ဆော်ဒီဟာ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား ဒါမှမဟုတ် ပြင်သစ်တို့ကို ဆက်သွယ်ကာ အရပ်ဖက်နျူစီမံကိန်း အကောင်အထည်ဖော်ဖို့ ကြိုးစားလာနိုင်ပါတယ်။ စီမံကိန်းအတွက် အဓိကပြဿနာက ယူရေနီယံ သန့်စင်မှုပါ။ အင်အားကြီးနိုင်ငံတွေက ဆော်ဒီကို ပြည်တွင်းမှာ ယူရေနီယံ သန့်စင်ခွင့်ပေးမလား၊ ပေးခဲ့မယ်ဆိုရင် နျူကလီးယားလက်နက်အဖြစ် ပြောင်းလဲသုံးစွဲနိုင်တဲ့အန္တရာယ် မြင့်တက်လာစေမလားဆိုတဲ့ မေးခွန်းတွေက ရှိနေဆဲဖြစ်ပါတယ်။

Ref: Reuters