News @ M-Media

နှစ်နိုင်ငံအဖြေထွက်မှ ပါလက်စတိုင်းတွင် သွေးချောင်းစီးမှု ရပ်တန့်မည်ဟု အနောက်နိုင်ငံများ ရှုမြင်လာ


သြဂုတ် ၁၊ ၂၀၂၅
M-Media

(ဓာတ်ပုံ – ကုလ၏ ပါလက်စတိုင်း ခွဲခြမ်းရေးပလန်)

(သတင်းမှန်များကို ဖတ်ရှုဖို့ M-Media Burmese ကို Like လုပ်စို့)
(သတင်းမှန်များ ပြန့်နှံ့ဖို့ M-Media Burmese ကို Share ကြစို့)

လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှသာ ပါလက်စတိုင်းဒေသက သွေးချောင်းစီး သတ်ဖြတ်မှုတွေ ရပ်တန့်မယ်လို့ ဥရောပ အင်အားကြီးနိုင်ငံတွေက ရှုမြင်လာကြပြီး ပါလက်စတိုင်းကို အသိအမှတ်ပြုဖို့ စီစဥ်လာကြပါတယ်။

ဥရောပနိုင်ငံအများစုဟာ အစ္စရေးရဲ့ အဓိက မဟာမိတ်တွေဖြစ်ပြီး အမေရိကန်ပြီးရင် အစ္စရေးကို ငွေကြေးနဲ့လက်နက် အကြီးအကျယ် တပ်ဆင်ထောက်ပံ့ပေးနေကြတာပါ။

ဂါဇာဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အစ္စရေးက ကျူးလွန်နေပြီး၊ ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်ထားတာကို ကမ္ဘာတစ်၀ှမ်းက မြင်တွေ့လာရပြီးတဲ့နောက် ဥရောပအင်အားကြီးနိုင်ငံတစ်ချို့က လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်လာရေး ဆောင်ရွက်ဖို့ လိုအပ်ပြီလို့ ရှုမြင်လာကြပါတယ်။

လာမယ့် စက်တင်ဘာ ကုလညီလာခံမှာ ပါလက်စတိုင်းကို အသိအမှတ်ပြုမယ်လို့ပြင်သစ်က ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာခဲ့ပြီး၊ ဗြိတိန်ကလည်း အသိအမှတ်ပြုဖို့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကြေငြာပါတယ်။ ဒီနှစ်နိုင်ငံစလုံးဟာ အစ္စရေးကို ငွေကြေး၊ လက်နက်နဲ့ နည်းပညာ အများဆုံးထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေပါ။

အဲဒီနောက် ပေါ်တူဂီအစိုးရကလည်း ဒီကိစ္စကို ဆွေးနွေးနေကြောင်း ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

မြောက်အမေရိက နိုင်ငံတစ်ခုဖြစ်တဲ့ ကနေဒါကလည်း ပါလက်စတိုင်းကို စက်တင်ဘာ ကုလညီလာခံမှာ အသိအမှတ်ပြုမယ်လို့ မကြာခင်က ထုတ်ပြန်ထားပါတယ်။

ဥရောပ ၂၇ နိုင်ငံမှာ ၁၀ နိုင်ငံက ပါလက်စတိုင်းကို အသိအမှတ်ပြုထားပြီး၊ အိုင်ယာလန်၊ နော်၀ေနဲ့ စပိန်တို့ဟာ ပြီးခဲ့တဲ့နှစ်မှာ အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်က နာဇီရန်ကြောင့် ပါလက်စတိုင်းကို ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ နောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေဖွဲ့ကာ ဌာနေပါလက်စတိုင်းတွေကို မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ပါလက်စတိုင်းဟာ ခရစ်ယာန် ဓမ္မဟောင်းကျမ်းထဲမှာ ဘုရားသခင်က ဂျူးတွေကို ပေးဖို့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က ကတိပြုထားတဲ့မြေဖြစ်တယ်ဆိုပြီး အစ္စရေးက သူတို့ရဲ့ နယ်မြေသိမ်းယူမှုကို အကြောင်းပြပါတယ်။

ဒီလိုထူထောင်ဖို့အတွက် အမေရိကန်ကျောထောက်နောက်ခံပြုတဲ့ ကုလသမ္ဂက ၁၉၄၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ ဆုံးဖြတ်ချက်အမှတ် ၁၈၁ ကို ချမှတ်ပြီး ပါလက်စတိုင်းဒေသကို ၂ ပိုင်းပိုင်းကာ ၆၀ ရာခိုင်နှုန်းကျော် တစ်ပိုင်းကို အစ္စရေးနိုင်ငံ၊ ၃၀ ရာခိုင်နှုန်းကျော် နောက်တစ်ပိုင်းကို ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေးဟာ ကုလက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ အစ္စရေးမဟာမိတ်တွေကလည်း ပါလက်စတိုင်းကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ကုလအဖွဲ့၀င် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၁၄၇ နိုင်ငံက ပါလက်စတိုင်းကို အသိအမှတ်ပြုထားပါတယ်။

Ref: Reuter/TRT world