News @ M-Media

ဂါဇာမှာ အခြေချ အိမ်ယာတွေ ဆောက်ပေးပါ

သြဂုတ် ၂၊ ၂၀၂၅

M-Media 

အစ္စရေး အဆောက်အဦး ကုမ္ပဏီတစ်ခု၏ ဂါဇာအခြေချအိမ်ယာ ကြော်ငြာ

(သတင်းမှန်များကို ဖတ်ရှုဖို့ M-Media Burmese ကို Like လုပ်စို့)

(သတင်းမှန်များ ပြန့်နှံ့ဖို့ M-Media Burmese ကို Share ကြစို့)

ဂါဇာမှာ အခြေချအိမ်ယာတွေ တည်ဆောက်ပေးဖို့ ရာနဲ့ချီတဲ့ ဂျူးအခြေချသူတွေက အစ္စရေးအစိုးရကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်တွန်း ဆော်သြလာကြပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၆ သောင်းကျော် အသတ်ခံထားရပြီး၊ ဂါဇာက အဆောက်အဦးတွေ အားလုံးနီးပါးကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

လက်ရှိမှာတော့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းပြည်သူ ၂ သန်းကျော်ကို ရှင်းလင်းကာ ဂျူးအခြေချအိမ်ယာတွေ တည်ဆောက်ဖို့ တိုက်တွန်းဆော်သြမှုတွေ ပိုမို ကျယ်လောင်လာပါတယ်။ အစ္စရေးအစိုးရ တာ၀န်ရှိသူတစ်ချို့က ဒီအစီအစဥ်ကို လုပ်ဆောင်မယ်လို့ လူသိရှင်ကြား ပြောကြားထားသလို၊ ဂျူးအခြေချနေထိုင်သူတွေ ဖက်ကလည်း နယ်စပ်အထိ လာရောက် တောင်းဆိုမှုတွေ ရှိလာတာ ဖြစ်ပါတယ်။ 

ဂါဇာကမ်းမြှောင်ဟာ ၁၉၄၇ ခုနှစ် ကုလရဲ့ ပါလက်စတိုင်း ခွဲခြမ်းရေးအစီအစဥ်အရ ပါလက်စတိုင်းနိုင်ငံထဲမှာ ပါ၀င်တာဖြစ်ပါတယ်။ ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးဟာ တရားမ၀င် ဂျူးအခြေချအိမ်ယာတွေ အများအပြား တည်ဆောက်ထားပြီး ကမ္ဘာတစ်၀ှမ်းက ၀င်လာတဲ့ ဂျူးပြောင်းရွှေ့အခြေချသူတွေကို နေထိုင်စေတာဖြစ်ပါတယ်။ 

ဒုတိယကမ္ဘာစစ်က နာဇီရန်ကြောင့် ပါလက်စတိုင်းကို ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ နောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေဖွဲ့ကာ ဌာနေပါလက်စတိုင်းတွေကို မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ ပါလက်စတိုင်းဟာ ခရစ်ယာန် ဓမ္မဟောင်းကျမ်းထဲမှာ ဘုရားသခင်က ဂျူးတွေကို ပေးဖို့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က ကတိပြုထားတဲ့မြေဖြစ်တယ်ဆိုပြီး အစ္စရေးက သူတို့ရဲ့ နယ်မြေသိမ်းယူမှုကို အကြောင်းပြပါတယ်။ 

ဒီလိုထူထောင်ဖို့အတွက် အမေရိကန်ကျောထောက်နောက်ခံပြုတဲ့ ကုလသမ္ဂက ၁၉၄၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ ဆုံးဖြတ်ချက်အမှတ် ၁၈၁ ကို ချမှတ်ပြီး ပါလက်စတိုင်းဒေသကို ၂ ပိုင်းပိုင်းကာ ၆၀ ရာခိုင်နှုန်းကျော် တစ်ပိုင်းကို အစ္စရေးနိုင်ငံ၊ ၃၀ ရာခိုင်နှုန်းကျော် နောက်တစ်ပိုင်းကို ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ 

Ref – Aljazeera/TRT world