မတ်လ၊ ၇ ၊ ၂၀၁၃
M-Media
အစ္စလာမ်ဘာသာရေးအဖွဲ့ (ရှမ်း/တောင်)မှ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် မီးဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း
အစ္စလာမ်ဘာသာရေးအဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)မှ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် မတော်တဆ တော မီးလောင်ရာမှ တဆင့် မီးကူးစက်ခံခဲ့ရသော မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကို ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်များနှင့် အလှူငွေများကို (၇.၃.၂၀၁၃) ရက်နေ့တွင် သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။ စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် အလှူငွေများ စုစုပေါင်း(၆)သိန်း ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြကြောင်း သိရှိပါသည်။
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် မတော်တဆ တောမီးလောင်ရာမှ တဆင့် မီးကူးစက်ခံခဲ့ရသော အိမ်စုစုပေါင်း ၇လုံးရှိပြီး၊ အိမ်ထောင်စုဝင် (၁၁)စုဖြစ်ကာ မီးဘေးကြောင့် လူ(၄၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ထိုမီးဘေး ဒုက္ခသည်များအား တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့တာဝန်ရှိသူများနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့မှ ဦးစီးလျှက် တောင်ကြီးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ မီးဘေးဒုက္ခသည်များအတွက် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး တောင်ကြီးမြို့ပေါ်မှ စေတနာရှင်၊ အလှူရှင်များ၊ လူမှုအကျိုးဆောင်အဖွဲ့အသီးသီးမှလည်း မီးဘေးဒုက္ခသည်များကို လူမျိုးဘာသာမရွေးကို လာရောက် ကူညီပံ့ပိုးလှူဒါန်းကြကြောင်း ၊ စနစ်တကျပြန်လည်နေရာချထားနိုင်ရေးအတွက် နေအိမ်များဆောက်လုပ်ပေးနိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနေကြောင်း မီးဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဝင်များထံမှ သိရှိရပါသည်။
အစ္စလာမ်ဘာသာရေးအဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)သည် ဘာသာလူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတွင် လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခဲ့ပြီး၊ ၂၀၁၁ခုနှစ်ကျောက်ဆည်ရေဘေးတွင်လည်း ရေဘေးဒုက္ခသည် လူမျိုးဘာသာ မခွဲခြားဘဲ လှူဒါန်းခဲ့ကြောင်း၊ ရခိုင်ပဋိပက္ခတွင်လည်း ဒုက္ခရောက်သူများကို မခွဲခြားဘဲ ကူညီပေးခဲ့ကြောင်း ၊ ယခုအကြိမ် တောင်ကြီးမြို့ရှိ မီးဘေးဒုက္ခသည်များကို လူမျိုးဘာသာမရွေး ကူညီပံ့ပိုး လှူဒါန်းမှုဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)မှ အဖွဲ့ဝင်များမှ M-Media သို့ ပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.