ဧပြီလ ၁၇၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ ရွှေလောင်းကျေးရွာတွင် ဧပြီလ(၁၈)ရက်နေ့၊ ည(၇)နာရီ (၃၀) မိနစ်တွင် “ငါတို့ အရိုး စည်းရိုးထိုး၍ ကာသင့်ပါလျှင် ကာရမည် ” ခေါင်းစဉ်ဖြင့် ၉၆၉ တရားပွဲ ကျင်းပပြူလုပ်မည် ဖြစ်ကြောင်းနှင့် ထိုတရားပွဲ မတိုင်မီ ရက်များက တရွာတည်းနေ ပြည်သူများ သွေးကွဲစေမည့်၊ အမြင်စောင်း စေမည့် လုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း ၎င်းကျေးရွာနေ ပြည်သူတစ်ဦးထံမှ သတင်းရရှိသည်။
အဆိုပါ တရားပွဲ ကို မော်လမြိုင်မြို့မှ ဆရာတော်များ အပါအ၀င် သံဃာတော်အပါး ၅ ပါးမှ ဟောကြားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းကျေးရွာရှိ ငွေကြေး ပြေလည်သော လူအချို့မှ ဦးဆောင်၍ ၉၆၉ အဖွဲ့ကို မတ်လအတွင်းက စတင် အစည်းအဝေး အကြိမ် ကြိမ် ပြုလုပ်ကာ ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကြောင်း၊ တရားပွဲမှာ ယခု ပထမဆုံး ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ၊ကျေးရွာရှိ ပညာတံခွန် ကျောင်းတိုက်လည်း ပါဝင် ဆောင်ရွက်ကြောင်း သိရသည်။
“ တနေ့က လေးထပ်ကျောင်းက သံဃာတော်များ နေ့ခင်း ၂နာရီလောက်က ဆွမ်းခံထွက်ပါတယ်။ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ချိုးတူးဆိုတဲ့ အစ္စလာမ် ဘာသာဝင်လူငယ်တစ်ယောက်က ပုလင်းနဲ့ ပေါက်ပါတယ် ဆိုပြီး ၀ါဒဖြန့်တယ်။ အဲဒီ့ မဟုတ်မဟတ် သတင်းကို လုပ်ကြံပြောပြီး ၀ါဒဖြန့်တာက ကိုကျော်စိုး၊ ကိုစိုးသိန်း(၂လုံး၊၃လုံး ချဲရောင်းသူ၊ ထောင်ကျဖူး) တို့က လျှောက်ပြီး ၀ါဒ ဖြန့်ကြတယ်။တဆက်တည်း သူတို့တွေက မိထ္ထီလာမှာ ဖြစ်တာတွေက ကုလားတွေက ဗလီတွေကို တစ်ထပ်ကနေ နှစ်ထပ် သုံးထပ် ဆောက်ချင်လို့ ကိုယ့်ပါကိုယ် မီးရို့ပြီး ထွက်ပြေးကြတာ၊ မြောက်ကိုးရီးယား နဲ့ တောင်ကိုးရီးယား ချတာ ကြည့်မကောင်းဘူး၊ မြန်မာနဲ့ ကုလား ချတာမှ ကြည့်လို့ကောင်းတာ လို့ ပြောကြတယ်
ရွာထဲက လ္ဘက်ရည်ဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အစ္စလာမ် ကောင်လေး တစ်ယောက် ရှိတယ်။ သူ့ကို သူ့ဆိုင်ရှင်က ဒီနေ့ မှာလိုက်တယ်တဲ့။ မနက်ဖြန် ကို ညနေ ၆နာရီကျော်ရင် အိမ်ထဲကနေ အိမ်ပြင် မထွက်နဲ့တဲ့၊ မင်းအတွက် ပြောတာလို့ ပြောတယ်တဲ့ ။ ဧပြီလ ၁၅ရက်နေ့တုန်းကလည်း တစ်ဘာသာနဲ့ တစ်ဘာသာ ချစ်ခင် လေးစားမူကို ပျက်ပြားစေတဲ့ စာတွေ ဝေပါတယ်။ အဲဒီ စာတွေဝေတဲ့ ကမ်းတဲ့ အထဲမှာ ကျွန်တော်တို့ ရွာက မဟုတ်တဲ့ ဘုန်းကြီးတွေ ၊ လူတွေ လည်း ပါပါတယ်။ အခုဆို အရင်က တစ်ရွာတည်းနေ တစ်ရေထဲ သောက်ပြီး ညီနောင်တွေလို ချစ်ခင်စွာ နေနေရာကနေ အခုတော့ သူစိမ်းတွေလို ကျွန်တော်တို့ကို ပြောင်းလဲ ဆက်ဆံလာကြပါတယ် ခင်ဗျား ” ဟု ကျေးရွာနေ ပြည်သူတစ်ဦးမှ M-Media သို့ ပြောသည်။
ရွှေလောင်းကျေးရွာတွင် ဗုဒ္ဓဘာသာ အိမ်ခြေ (၁၂၆၆) အိမ်၊ အစ္စလာမ်ဘာသာဝင် အိမ်ခြေ (၁၀၀) နီးပါးတို့ ချစ်ချစ်ခင်ခင် ရင်းနှီးစွာ အတူယှဉ်တွဲ၍ နေထိုင်ကြကြောင်း သိရသည်။အဆိုပါ ကျေးရွာတွင် ရွှေလောင်းဈေးထိပ် အနီးတွင် ဗလီဝတ်ကျောင်း တစ်လုံး ရှိကြောင်း သိရသည်။
Leave a Reply
You must be logged in to post a comment.