News @ M-Media

ဂျကာတာမှ မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှု မသင်္ကာသူများကို အင်ဒိုရဲတပ်ဖွဲ စီးနင်း တိုက်ခိုက်

မေ-၈၊ ၂၀၁၃
M-Media

B5B8D383B3DA0199D17895382_h418_w622_m2_q80_cSUGePnux
ဘန်ဒန်။ ။ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန်ကြံစည်မှုတွင် ပါဝင်ပက်သက်သည်ဟု ယူဆရသူလေးဦး ခိုအောင်းရာနေရာသို့ အင်ဒိုနီးရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး အဖွဲ့ဝင်များမှ ဗုဒ္ဓဟူးနေ့က ၀င်ရောက်စီးနင်းခဲ့ရာ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၀ မိနစ်က အနောက်ဂျာဗား၊ ဗန်ဒန်မြို့ရှိ အကြမ်းဖက်သမားဟု ယူဆရသူများ ပုန်းအောင်းရာနေအိမ်သို့ အထူးတပ်ဖွဲ့ဝင်များ ရှောင်တခင် ၀င်ရောက်ခဲ့ရာ သံသယရှိသူတစ်ဦးမှ လက်လုပ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲဝင်ဝတ်စုံများ ၀တ်ထားသော ရဲတပ်ဖွဲ့ဝင်များက တုံ့ပြန်ပစ်ခတ်ခဲ့ပြီး၊ အဆောက်အဦးအတွင်းသို့လည်း မျက်ရည်ယိုဗုံးများဖြင့်ပစ်ခတ်ခဲ့သည်။ ရာပေါင်းများစွာသော ဒေသခံ ရဲတပ်ဖွဲ့ဝင်များက အဆိုပါအဆောက်အဦးအား ၀န်းရံပိတ်ဆို့ထားပြီး၊ ထိုအဖြစ်အပျက်များကို ကြည့်ရှုနေသော လူအုပ်ကြီးလည်း ရှိနေသည်ဟု AFP သတင်းထောက်က ဆိုသည်။

နာရီများစွာကြာပြီးနောက် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အနီးအနားရှိ မော်တော်ယာဉ်တစ်စီးသို့ လူတစ်ယောက်ကို ဆွဲယူလာခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း အသက် ၂၅ နှစ်အရွယ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း အခြေအနေမှာရှင်းလင်းခြင်းမရှိသေးဟု ရဲတပ်ဖွဲ့၏ ပြောခွင့်ရသူက ဆိုသည်။ အဆိုပါသံသယရှိသူမှာ လက်နက်ချခြင်းမပြုဘဲ အခြားသော အချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိဟု ထပ်လောင်းပြောကြားခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်က ဂျကာတာတွင် အကြမ်းဖက်သမားများကို ဖမ်းမိပြီးနောက် စပါးခင်းများအလယ်တွင်တည်ရှိသည့် အဆိုပါအိမ်သို့ ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု လက်ထောက်ရဲချုပ် နန်နန် ဆိုကာရ်နာ(Nanan Soekarna) ကဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု အစ္စလာမ်ဘာသာဝင်များအပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူပေါင်းများစွာသေကြေခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ ထိုအကြမ်းဖက်မှုအား လက်စားချေရန်အတွက် ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်သည့် သံသယရှိသူနှစ်ဦးကို အကြမ်းဖက်မှုနှိမ်နင်းရေးတပ်ဖွဲ့မှ လွန်ခဲ့သည့် ကြာသာပတေးနေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရေပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၅လုံးကို ထိုသူနှစ်ဦး သယ်ဆောင်လာသည့် ကျောပိုး အိတ်တွင် တွေ့ရှိခဲ့ပြီး သောကြာနေ့တွင် ဗုံးခွဲရန် စီစဉ်ထားကြသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာနိုင်ငံမှ အစ္စလာမ် ဘာသာဝင်များကို ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကမ္ဘာ့မွတ်စလင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်များ ဒေါသကို ကြီးထွားစေခဲ့သည်။

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ပြီးနောက် ရာပေါင်းများစွာသော အစ္စလာမ် ကာကွယ်ရေး တပ်ဦးမှ အဖွဲ့ဝင်များက မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ အသတ်ခံရမှုအပေါ် လက်စားချေရန် “jihad in Myanmar” ဟူသည့် စာတမ်း ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မတ်လအတွင်း ဗုဒ္ဓဘာသာဝင်လူအုပ်စုက အစ္စလာမ်ဘာသာဝင်များအပေါ်သို့ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလွန်စိုးရိမ်ဖွယ်ရာကောင်းသည့် တင်းမာမှု အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

လွန်ခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးတို့ကြားတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် လူ ၂၀၀ ၀န်းကျင်ခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

Ref: ChannelNews Asia

Comments

Leave a Reply