ဇွန်လ-၂၊၂၀၁၃
M-Media
မရီးန်လီပန် (Marine Le Pen)သည် ပြင်သစ်ရှိ မွတ်စလင်မ်များအား ဆန့်ကျင်ဝေဖန်မှုကြောင့် သူမအား ပါတီခေါင်းဆောင် အဖြစ်မှ ပယ်ဖျက်ရန် ဥရောပ ပါလီမန်မှ အဖွဲ့ဝင်များက မဲဆန္ဒခွဲ ဆုံးဖြတ်ခဲ့ကြသည်။
မရီးန်လီပန်သည် ပြင်သစ် National Front ပါတီ၏ ဦးဆောင်သူဖြစ်ပြီး၊ ပြင်သစ်ရှိ မွတ်စလင်မ်အသိုင်းအ၀ိုင်းအား ဦးတည်၍ လူမျိုးခွဲခြား ဝေဖန်မှုကြောင့် အရေးယူခံ ရဖွယ်ရှိကြောင်း သိရသည်။
မွတ်စလင်မ်တို့၏ ၀တ်ပြုဆုတောင်းခြင်းကို နာဇီများ၏ ကျူးကျော်မှုနှင့်တူညီသည် ဆိုသော လီပန်၏ ဝေဖန်ချက် အတွက် ပြင်သစ်နိုင်ငံ အာဏာပိုင်များက သူမအား တရားစွဲ ဆိုမည် ဖြစ်သောကြောင့် ယခုရက်သတ္တပတ် အစောပိုင်းက ဥရောပ ပါလီမန်သည် လီပန်၏ လုပ်ပိုင်ခွင့်အားပယ်ဖျက်ရန် မဲဆန္ဒခွဲဆုံးဖြတ်ခဲ့ကြောင်း ပါလီမန်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က စနေနေ့တွင်ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ ဂျောင်မီဒွတ်ခ်ျ (JaumeDuch) ၏ အဆိုအရ တရားစီရင်ရေး ကော်မတီသည် ပါလီမန် ဆုံးဖြတ်ချက်အား ထောက်ခံချက်ပေးရန် လျှို့ဝှက် မဲခွဲမှုပြုလုပ်ခဲ့ပြီး၊ ဇွန်လ ၁၁ ရက်နေ့တွင် အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်မည်ဟု သိရသည်။
၎င်းမဲခွဲဆုံးဖြတ်မှုသည် လီပန်အပေါ်တွင် ညှာတာမှု မရှိနိုင်ကြောင်း၊ ဆုံးဖြတ်ချက် အတည်ဖြစ်ပါက ပြင်သစ် အာဏာပိုင်များသည် သူမအား လူမျိုးရေး ခွဲခြားမှုဖြင့် စွဲချက်တင် အရေးယူသွားမည်ဖြစ်ကြောင်း AFP သတင်းဌာနသို့ သတင်းပေးသူတစ်ဦးက ဟုပြောခဲ့သည်။
ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်တွင်ပြုလုပ်ခဲ့သောဟောပြောပွဲမှ သူမ၏ဝေဖန်ချက်အပေါ် သူမအား တရားစွဲဆိုရေးအတွက် ပြင်သစ် အာဏာပိုင်များက ဥရောပ ပါလီမန်သို့ လီပန်၏ နိုင်ငံရေးသမား အဖြစ်လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ပေးရန် နိုဝင်ဘာလက တောင်းဆိုခဲ့ကြောင်း သိရသည်။
သူမ၏ဟောပြောမှုတွင် လီပန်သည် လမ်းမပေါ် မွတ်စလင်မ်များ ဘုရားဝတ်ပြုခြင်းကို ဝေဖန်ရှုတ်ချခဲ့သည်။
“ ဒုတိယကမ္ဘာစစ်နဲ့ပတ်သက်ပြီး – ကျူးကျော်ဝင်ရောက်ခြင်းနဲ့ပတ်သက်ပြီး – ပြောဆိုလိုသူတွေအဖို့ ယခုအခါမှာ ကျွန်မတို့ ရဲ့ပိုင်နက်ထဲ ကျူးကျော် ၀င်ရောက်လာမှုကို ကျွန်မတို့ ပြောဆိုဆွေးနွေးရတော့မှာ ဖြစ်တယ် ”
“ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေတော့ မရှိဘူး၊ စစ်သည်တွေတော့ မရှိဘူး၊ ဒါပေမယ့် ဒါဟာလည်း လူထုအပေါ် ကျူးကျော်မှုလုပ်တာနဲ့ အတူတူပါပဲ ” ဟု လီပန်က ပြောဆိုခဲ့သည်။
အမှန်တရားကို ထွက်ဆိုကြခြင်း
လူမျိုးရေးခွဲခြားမှုဆန့်ကျင်သောအဖွဲ့အစည်းတစ်ခု၏ တိုင်ကြားမှုကြောင့် လီယွန် (Lyon) ရှိ အစိုးရရှေ့နေများက ၄င်း ဟောပြောပွဲပြုလုပ်ခဲ့သောနေရာတွင် လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများ ဇန်န၀ါရီလ ၂၀၁၁ က ပြုလုပ်ခဲ့ရာ လူမျိုးရေးခွဲခြားမှုဝါဒအား လှုံ့ဆော်ပြောဆိုခဲ့ကြောင်း မှတ်ချက်ပေးခဲ့သည်။
အခြားနိုင်ငံများရှိပါလီမန်များအတိုင်း ဥရောပပါလီမန်အဖွဲ့ဝင်များသည် ၄င်းတို့၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ရာဇ၀တ်မှု နှင့် ပြည်သူ့ရေးရာအမှုအခင်းများမှ ကင်းရှင်းနေရမည်ဖြစ်သည်။ သို့သော်လည်း လွှတ်တော်၏မဲဆန္ဒဖြင့် ၄င်း၏လုပ်ပိုင်ခွင့်အား ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း သိရသည်။
ပါတီ၏ ဒုတိယဥက္ကဌ ဖလိုရီရန် ဖလီပ်ပေါ့ (Florian Philippot) မှ – သူသည် ပါလီမန် အဖွဲ့ဝင်အားလုံး၏ မဲအဆုံးအဖြတ်ကို စောင့်မည်ဖြစ်ကြောင်း၊ ပြင်သစ်လူထုသည် အမှန်တရားကို ဖုံးကွယ်ပြောဆိုခြင်းကို မနှစ်မြို့ကြကြောင်း၊ လီပန်၏ လုပ်ပိုင်ခွင့်ကို ပယ်ဖျက်ခဲ့ပါလျှင် ယခုတိုင်ရှိနေသော လမ်းမပေါ် မွတ်စလင်မ်များ ဘုရားဝတ်ပြုနေခြင်း ကိစ္စမှာ ကြားရတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
လီပန်သည် National Front ပါတီခေါင်းဆောင် နေရာအား ပါတီကိုတည်ထောင်ခဲ့သော ဖခင်ဖြစ်သူ ဂျီန်-မာရီလီပန် (Jean-Marie Le Pen) ထံမှ လက်လွှဲရယူခဲ့ခြင်းဖြစ်ပြီး သူမသည် လူမျိုးရေးခွဲခြားမှု နှင့် ဂျူးဆန့်ကျင်ရေးဆိုင်ရာ ပြစ်မှု အမြောက်အများ ကျူးလွန်းထားသူဖြစ်သည်။
မရီးန်လီပန်သည် ၂၀၀၄ ခုနှစ်တွင် ဥရောပပါလီမန် နေရာအတွက် ဦးစွာရွေးချယ်ခြင်းခံခဲ့ရပြီး၊ ၂၀၁၂ ဧပြီလတွင်ပြုလုပ်ခဲ့သော ပြင်သစ် သမ္မတ ရွေးကောက်ပွဲ ပထမ အကျော့တွင် မဲ ၁၈ ရာခိုင်နှုန်း ရရှိခဲ့သည်။ ယင်းကိစ္စသည် ပါတီအတွက် တစ်ခုတည်းသော အမြင့်ဆုံး စွမ်းဆောင်ချက်ဖြစ်ခဲ့သည်။
Ref:aljazeera
Leave a Reply
You must be logged in to post a comment.