ဇန်န၀ါရီ ၂၈၊ ၂၀၁၄
M-Media
– ယခုနှစ် ဘောလုံးရာသီ အကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ပြည့်တော့မည့် အာဆင်ဝင်းဂါးအနေဖြင့် အာဆင်နယ်အသင်းနှင့် ဆက်လက် သက်တမ်းတိုးသွားမည်ဟု အသင်း၏ စီအီးအို အိုင်ဗန် ဂါဇီဒစ်က အတည်ပြုခဲ့သည်။
အာဆင်နယ် အသင်းမှာ ယခုနှစ် ရာသီအစကတည်းက သက်တမ်းတိုးရန် အတွက် အာဆင်ဝင်းဂါးနှင့် ဆွေးနွေးနေခဲ့ခြင်း ဖြစ်ပြီး၊ အာဆင်ဝင်းဂါးက ယခုနှစ် အသင်း၏ အောင်မြင်မှုကို ကြည့်၍ စာချုပ်သစ်ကိစ္စအား ဆုံးဖြတ်မည်ဟု စောစောပိုင်းက ပြောဆိုထားခဲ့သည်။
“ကျွန်တော်တို့ အမြဲတမ်း အာဆင်(၀င်းဂါး) ကို ထောက်ခံပါတယ်။ ဘုတ်အဖွဲ့ဝင်တွေအားလုံး သူ့ရဲ့နောက်မှာ လုံးဝရှိပါတယ်။ အာဆင်ဟာ သူရဲ့ စိတ်ကို အသင်းမှာ အမြဲတမ်း နှစ်မြှုပ်ထားပါတယ်။ သူဟာ အသင်းနဲ့ သက်တမ်း တိုးသွားမှာဖြစ်ပြီး သင့်တော်တဲ့ အချိန်ကျရင် ကျွန်တော်တို့ တရားဝင် ကြေညာသွားမှာပါ” ဟု လာမည့်နှစ်တွင် ၀တ်ဆင်ကစားမည့် ဂျာစီအတွက် Puma အသင်းနှင့် စံချိန်တင် စာချုပ်ချုပ်ဆိုမှု အပြီးတွင် ဂါဇီဒစ်က ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အသင်းကွင်းလယ်လူ ရိုစစ္စကီးနှင့် နောက်ခံလူ မာတီဆက်ကာတို့ကိုလည်း အာဆင်နယ်က စာချုပ် သက်တမ်း တိုးနိုင်ခဲ့သည်။
ပြင်သစ်နိုင်ငံသား အာဆင်ဝင်းဂါးမှာ အာဆင်နယ် အသင်းသို့ ၁၉၉၆ ခုနှစ်ကတည်းက စတင်ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အား ပရီးမီးယားလိဂ်တွင် တောင့်တင်းသော အသင်းဖြစ်လာအောင် ဆောင်ရွက်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ FA ဖလား ၄ ကြိမ်၊ ကွန်မြူနတီဒိုင်း ၄ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့် ၈ နှစ်ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အာဆင်ဝင်းဂါးမှာလည်း ဝေဖန်မှု များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုနှစ်ရာသီတွင် အိုးဇေးလ်အား ၀ယ်ယူနိုင်ခဲ့ခြင်းနှင့်အတူ ပရီးမီယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နိုင်အောင် ၀င်းဂါးက စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.