News @ M-Media

စင်ကာပူရေပြင်တွင် ကွန်တိန်နာ သင်္ဘောတိုက်မှု နှစ်ကြိမ်ဖြစ်ပွား လောင်စာဆီများ ဖိတ်စင်ခဲ့

ဇန်န၀ါရီ ၃၁၊ ၂၀၁၄
M-Media

စင်ကာပူရေပိုင်နက်အတွင်း ကွန်တိန်နာ သင်္ဘောတိုက်မှု နှစ်ကြိမ်တိုင်တိုင် သီးခြားစီဖြစ်ပွားခဲ့ပြီး၊ ထိုဖြစ်ရပ်အတွင်း လောင်စာဆီများ ပင်လယ်အတွင်း သို့ ဖိစင်ခဲ့သည်ဟု စင်ကာပူ ရေကြောင်းတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်မိမှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ဘဲ၊ ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်များနှင့် ရေလမ်းကြောင်းများ ပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ခြင်းမရှိဟု တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း ရေနံဓာတုပစ္စည်းများ ၀င်ရောက်သည့် Jurong ကျွန်း၏ တောင်ဘက် ၂.၇ ကီလိုမီတာ အကွာတွင် ဟောင်ကောင် အလံလွှင့်တင်ထားပြီး ဓာတုပစ္စည်းများ တင်ဆောင်လာသည့် Lime Galaxy ကွန်တိန်နာသင်္ဘောနှင့် တရုတ်နိုင်ငံ အလံလွှင့်ထူ ထားသည့် Feihe သင်္ဘောတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ သင်္ဘောများ တိုက်မိနိုင်သည်ဟု ဆိပ်ကမ်းရှိ တာဝန်ရှိသူများအား ထိုသင်္ဘောများအား အကြောင်းကြားခဲ့သော်လည်း လိုက်နာမှုမရှိခြင်းကြောင့် တိုက်မိခဲ့ခြင်းဖြစ်ကာ Feihe သင်္ဘောရှိ ဆီသိုလှောင်ကန်မှ လောင်စာဆီများ ဖိတ်စင်ခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ထိုရေနံများအား ရှင်းလင်းရေးလုပ်ငန်းများကို စင်ကာပူအစိုးရက ဆောင်ရွက်နေပြီး ထပ်မံ၍ ဖိတ်စင်ခြင်းမရှိဟု သိရသည်။

ယမန်နေ့ကလည်း မနားမား အလံလွှင့်ထူထားသည့် NYK Themis ကွန်တိန်နာသင်္ဘောနှင့် AZ Fuzhou အမည်ရ ဇက်သင်္ဘောတို့ စင်ကာပူ Marina South အနီးတွင် တိုက်မိခဲ့ပြီး၊ AZ Fuzhou သင်္ဘောအား အခြားတစ်စီးဖြင့် ဆွဲယူသွားခဲ့ရသည်။ NYK Themis သင်္ဘောမှာ ဆီသိုလှောင်ထားသည့် တိုင်ကီကို ထိမိခဲ့သောကြောင့် ဆီယိုစိမ့်မှုအနည်းငယ်ဖြစ်ပွားခဲ့သည်။

ထိုသင်္ဘောများအား ကူညီရန် စင်ကာပူအစိုးရက သင်္ဘောလေးစီးစေလွှတ်ခဲ့ပြီး၊ ထိုလောင်စာဆီများအား ရှင်းလင်းရန်အတွက် သင်္ဘောကို ပိုင်ဆိုင် သည့် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ သင်္ဘောတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် သင်္ဘောနှစ်စီးစလုံးမှာ အန္တရာယ်ကင်းလျက်ရှိပြီး၊ ယခုအခါ ကျောက်ချရပ်နားလျက် ရှိသည်ဟု သိရသည်။

Ref : Xinhua

Comments

Leave a Reply