ဖေဖော်ဝါရီ ၄၊ ၂၀၁၄
M-Media
– ရုရှားနိုင်ငံ မော်စကိုမြို့ဆင်ခြေဖုံးရှိ အလယ်တန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခု ယမန်နေ့ကဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကျောင်းဆရာတစ်ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။
သေနတ်သမားမှာ အသက် ၁၅ နှစ်အရွယ် Sergey Gordeyev အမည်ရှိ ကျောင်းသားတစ်ဦးဖြစ်ပြီး ပထ၀ီသင်ကြားသည့် ဆရာတစ်ဦးအား သေနတ် ဖြင့် ပစ်သတ်ခဲ့ကာ၊ လုံခြုံရေး အချက်ပြမီးကြောင့် ရောက်ရှိလာခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ထပ်မံပစ်သတ်ခဲ့သည်။ ထို့နောက် လုံခြုံရေး ၀န်ထမ်းတစ်ဦးအား ပစ္စတိုဖြင့် ခြိမ်းခြောက်ကာ Grade 10 ကျောင်းသားများရှိနေသည့် ဇီဝဗေဒ အခန်းအတွင်းသို့ ၀င်ရောက်လာကာ ကျောင်းသား ၂၀ အား ဓားစားခံအဖြစ်ထိုအခန်းအတွင်း ပိတ်လှောင်ထားခဲ့သည်။
ထိုအထဲမှ ၁၆ ယောက်မှာ ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထို့နောက် ဖခင်ဖြစ်သူက လက်နက်ချရန်နှင့် ဖမ်းထားသူများကို လွှတ်ပေးရန် Gordeyev အား ၁ နာရီကြာ ပြောဆိုခဲ့ပြီးနောက် ထိုလူငယ်မှာ လက်နက်ချခဲ့ပြီး ရဲတပ်ဖွဲ့၏ အသာတကြည် ဖမ်းဆီးခြင်းကို ခံခဲ့သည်။
Grade 10 ကျောင်းသားတစ်ဦးဖြစ်သည့် Gordeyev မှာ ကျောင်းတွင် စာတော်သော ကျောင်းသားတစ်ဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပြုလုပ်သည်ကိုသိရှိရခြင်းမရှိသေးဘဲ၊ ပြစ်မှုကျူးလွန်သူအား စိတ်ပိုင်းဆိုင်ရာနှင့် အခြားသော စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရုရှား စုံစမ်း စစ်ဆေးရေးကော်မတီ (IC) မှ ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဥပဒေရေးထိန်းသိမ်းရေးဝန်ထမ်းအား သတ်ဖြတ်ရန်ကြိုးစားမှု စသဖြင့် ပုဒ်မ ၃ ခုနှင့် တရား စွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် ရုရှားသမ္မတ ပူတင်ကလည်း မျိုးဆက်သစ်များ၏ ကြီးပြင်းလာမှုများအပေါ် အာဏာပိုင်များအနေဖြင့် ပိုမိုနီးကပ်စွာ စောင့်ကြည့်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
Ref : Xinhua
Leave a Reply
You must be logged in to post a comment.