ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
M-Media
– ဂျီနီဗာတွင် ပြုလုပ်နေသည့် ဆီးရီးယား ငြိမ်းချမ်းရေး ဒုတိယအကျော့ ဆွေးနွေးပွဲမှာ လိပ်ခဲတည်းလည်းဖြစ်နေသည်ဟု အစိုးရ အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ပြီး၊ အမေရိကန်နှင့် ရုရှားတို့ကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။
“ဒီအကျော့မှာ တိုးတက်အောင် မဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အရမ်းကို နောင်တရမိပါတယ်” ဟု ဆီးရီးယား လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဖိုင်ဆယ် မက်ဒက်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အတိုက်အခံဘက်မှ ပြောရေးဆိုခွင့်ရှိသူ လူအီ ဆာဖီက နိုင်ငံရေးအခြေအနေအား ပြောင်းလဲရန် အစိုးရဘက်မှ ပြုလုပ်ခြင်းမရှိမှုကို ပြစ်တင်ပြောဆိုခဲ့ပြီး၊ မပြတ်မသားဖြစ်နေသည့် ယခုအခြေအနေအား ပြေလည်ရန်အတွက် ပါတီအားလုံး အထူးသဖြင့် အာဆတ်အစိုးရ၏ မဟာမိတ် ရုရှားအနေဖြင့် အာဆတ် အစိုးရအား ဖိအားပေးရန်ကိုလည်း တိုက်တွန်းပြောဆိုခဲ့သည်။
အစိုးရအတိုက်အခံများက ဆွေးနွေးပွဲ၏ အရေးအကြီးဆုံးအပိုင်းအား ဆွေးနွေးရန်ကိစ္စကို အတိုက်အခံများက ငြင်းဆိုခဲ့ပြီး၊ သမ္မတအာဆတ်လက်အောက် တစ်ပါတီစနစ်မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရေး အပေါ် အဓိကလုပ်ဆောင်ရမည်ဟု ဝေဖန်ခဲ့သည်။
အစိုးရဘက်မှ ကိုယ်စားလှယ်အဖွဲ့ကလည်း အကြမ်းဖက်ဝါဒအား ဟန့်တားရေးမှာ ဦးစားပေးဖြစ်ပြီး၊ အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမှုအား လုပ်ဆောင်မည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဇန်ဝါရီလကတည်းကပြုလုပ်နေသော်လည်း အတိုက်အခံများနှင့် အစိုးရတပ်များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး နေ့စဉ် လူ ၂၀၀ ကျော် ထပ်မံ သေဆုံးခဲ့ပြီးဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားခဲ့သည်။
Leave a Reply
You must be logged in to post a comment.