ဖေဖော်ဝါရီ ၁၆၊ ၂၀၁၄
M-Media
– အအေးလွန်ကဲပြီး ရာသီဥတု ဆိုးဝါးနေသည့် ဂျပန်နိုင်ငံတွင် ပြင်းထန်သော နှင်းမုန်တိုင်းများကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ကာ ၁၇၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု ဂျပန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
စံချိန်တင်နှင်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရှိ ပြည်နယ် ၇ ခုတွင် နှင်းမုန်တိုင်းနှင့် ပက်သက်သည့် မတော်တဆမှုများကြောင့် လူများ သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုကျိုမြို့တွင် နှင်းထုမှာ ၂၇ စင်တီမီတာရှိသည်ဟု ကျိုဒိုသတင်းအေဂျင်ဆီက ထုတ်ပြန်ခဲ့ကာ၊ နှင်းမုန်တိုင်းကြောင့် လမ်းမများတွင် အနည်းဆုံး ကားအစီး ၈၀၀ ခန့်ပိတ်မိနေသည်ဟု အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် နှင်းထုများကြီမားလာပြီး နေအိမ်များ ပြိုကျမည်ကိုစိုးရိမ်ရသောကြောင့် ပြည်သူ ၂၁၅၀ ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု NHK သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ သောကြာနေ့နှင့် စနေနေ့များတွင် ထွက်ခွာရန်ရှိသည့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပြီး၊ ရထားလမ်းများကိုလည်း ပိတ်ထားခဲ့ရသည်။
ထိုမုန်တိုင်းမှာ ယခုအခါ မြောက်ဘက်စွန်းစွန်းသို့ ရွေ့လျားနေပြီး မနက်ဖြန်တွင် အားကောင်းလာဖွယ်ရှိသည်ဟု ဂျပန် မိုးလေ၀သနှင့် ဇလဗေဒ ဌာနက သတင်းထုတ်ပြန်ခဲ့ကာ၊ နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ ပင်လယ်ပြင်များတွင် လှိုင်းများ ကြီးနိုင်ကာ၊ နှင်းသည်းထည်စွာကျခြင်း၊ နှင်းထု၊ ရေခဲထုများ အမြင့်မှကျဆင်းခြင်းတို့ ဖြစ်ပေါ်မည်ဟု သတိပေးထားသည်။
Ref: CNA
Leave a Reply
You must be logged in to post a comment.