ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
M-Media
EP နှင့် S Pass လျှောက်ထားရာတွင် လစာ လိမ်လည် ဖော်ပြသူများအား စင်ကာပူ အစိုးရ တရားစွဲ၊ ပြစ်မှုထင်ရှားပါက ဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ် နှင့် အလုပ်လုပ်ခွင့် ရာသက်ပန် ပိတ်ပင်မည်။
– စင်ကာပူတွင် နေထိုင်အလုပ်လုပ်ခွင့် EP၊ S Pass လျှောက်ထားရာတွင် လစာနှုန်းထား လိမ်လည်ဖော်ပြခဲ့သော အိန္ဒိယနိုင်ငံသား ၂၂ ဦးအား စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာန MOM က အင်္ဂါနေ့တွင် တရားစွဲဆိုခဲ့သည်ဟု သိရသည်။
အဆိုပါ နိုင်ငံခြားအလုပ်သမား ၂၂ ဦးမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း EP ၁၉ ခု နှင့် S Pass ၃ ခုတို့ကို လျှောက်ထားရာတွင် လိမ်လည်ဖော်ပြထားမှုများ ရှိခဲ့ကြောင်း MOM က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
၎င်းတို့အားလုံးမှာ စင်ကာပူရှိ 7-Eleven ဆိုင်များကို ဖွင့်လှစ်သော ကုမ္ပဏီလေးခုတွင် အလုပ်လုပ်နေကြသူများဖြစ်သည်။ စင်ကာပူတွ၌ နေထိုင် အလုပ်လုပ်ခွင့် EP နှင့် S Pass ရရှိရန်အတွက် အစိုးရက အနည်းဆုံး လစာနှုန်းထားကို သတ်မှတ်ထားပြီး လျှောက်ထားသူများမှာ ထိုသတ်မှတ်ချက်ကို ပြည့်မီ ရမည်ဖြစ်သည်။
EP နှင့် S Pass လျှောက်ထားရာတွင် အနိမ့်ဆုံး လစာမှာ စင်ကာပူ ဒေါ်လာ ၂၄၀၀ နှင့် ၄၅၀၀ အကြား ဖော်ပြထားသော်လည်း တကယ့်လက်တွေ့တွင် ထိုထက်လျှော့၍ ရမည်ကို အလုပ်သမားများကလည်း သိရှိကြောင်း MOM က ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အလုပ်သမားများမှာ ၀န်ကြီးဌာနသို့ လျှောက်ထားရာတွင် ဖော်ပြထားသော လစာအတိုင်း ရရှိကြသော်လည်း နောက်ပိုင်းတွင် အလုပ်ရှင်အား စင်ကာပူဒေါ်လာ ၆၀၀ မှ ၃၃၅၀ ပမာဏကို ပြန်လည်ပေးအပ်ရသည်ဟု တွေ့ရှိရသည်။
အဆိုပါ နိုင်ငံခြားအလုပ်သမား ၂၂ ဦးမှ ၁၀ ဦးအား ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် ၇၀၀၀ အကြား ပေးဆောင်ရန်၊ သို့မဟုတ်ပါက ထောင်ဒဏ် ၅ ပတ်မှ ၇ ပတ် ကျခံရန် အမိန့်ချမှတ်ခဲ့ပြီး ၎င်းတို့မှာ ဒဏ်ကြေးပေးဆောင်ခြင်း မရှိဘဲ ထောင်ဒဏ်ကိုသာ ကျခံခဲ့သည်။ ပြစ်ဒဏ်ကျခံပြီးနောက် ၎င်းတို့မှာ မိမိနိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး စင်ကာပူတွင် အလုပ် လုပ်ကိုင်ခြင်းအား ရာသက်ပန် ပိတ်ပင်ခံရမည်ဖြစ်သည်။
ကျန်ရှိသည့် ၁၂ ယောက်မှ ၁၁ ယောက်၏ အမှုကို လာမည့် အင်္ဂါနေ့နှင့် မတ်လ ၁၈ ရက်နေ့တို့တွင် ကြားနာရန် ရွှေ့ဆိုင်းထားခဲ့ပြီး၊ အခြားတစ်ယောက်မှာလည်း တရားရင်ဆိုင်နေရသည်။
ထို့ပြင် အလုပ်ရှင် ၇၅ ဦးနှင့် နိုင်ငံခြား အလုပ်သမား ၂၃၀ ပါဝင်ပက်သက်နေသည့် ထိုကဲ့သို့ EP နှင့် S Pass လိမ်လည်လျှောက်ထားမှုများကို ဆက်လက် စုံစမ်းနေသည်ဟု MOM က ထပ်လောင်းပြောကြားခဲ့သည်။
Ref: CNA
Leave a Reply
You must be logged in to post a comment.