မတ် ၅၊ ၂၀၁၄
M-Media
လိင်တူချစ်သူများ ဆန့်ကျင်သည့် ဥပဒေ မူကြမ်း ယူဂန္ဓာ အတည်ပြုမည်ဆို၍ အမေရိကန်မှ ယူဂန္ဓာ သံအမတ်အား ပြန်လည်ခေါ်ယူဖွယ်ရှိ
လိင်တူဆက်ဆံပါက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးရေး အတွက် လိင်တူဆက်ဆံမှု ဆန့်ကျင်သည့် ဥပဒေမူကြမ်းကို လက်မှတ်ထိုးမည် ဟု ယူဂန္ဓာနိုင်ငံ၏ သမ္မတက ပြောဆိုလိုက်ပြီးနောက် အမေရိကန်သည် ၄င်း၏ ယူဂန္ဓာဆိုင်ရာ သံအမတ်အား ပြန်လာရန် ခေါ်ယူနိုင်ဖွယ်ရှိသည်၊ သံတမန်ဆက်ဆံရေးကိုလည်း ပြန်လည် သုံးသပ်သွားမည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှု အဖွဲ့မှ ဆိုသည်။
အဆိုပါအဖွဲ့၏အဆိုအရ ထိုဥပဒေမူကြမ်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း၊ လူထုအကြား ကြီးထွားနေသော ကျန်းမာရေးပြဿနာဖြေရှင်းရေးအတွက်လည်း အတားအဆီးဖြစ်စေကြောင်း သိရသည်။
လိင်တူဆက်ဆံမှုဆိုင်ရာဥပဒေအောက်မှ မည်သည့်ညှင်းပန်နှိပ်စက်မှုကိုမဆို ထပ်မံပြုလုပ်ခြင်း၌ အမေရိကန်၏ရံပုံငွေကို အသုံးပြုစေမည် မဟုတ်၊ ငွေကြေးထောက်ပံ့ ကူညီနေခြင်းကိုလည်း ပြန်လည် သုံးသပ်သွားမည်ဟု ဆိုပါသည်။
တင်သွင်းလိုက်သော ယင်းမိန်းမလျှာဆန့်ကျင်ရေးမူကြမ်းကို နှစ်မြို့စဖွယ်မဟုတ်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောဆိုပြီး၊ ဥပဒေအဖြစ် အတည်ပြုလိုက်ပါက ဆက်ဆံရေးအနေအထား ရှုပ်ထွေးစေနိုင်ကြောင်း သတိပေးခဲ့သည်။
လိင်တူဆက်ဆံပါက သေဒဏ်ပေးရေး အဆိုပြုထားသည့် ထိုဥပဒေမူကြမ်းအား ၂၀၀၉ ခုနှစ်က ပထမဆုံးတင်သွင်းရာ လူ့အခွင့်အရေးအုပ်စုများ နှင့် အနောက်နိုင်ငံခေါင်းဆောင်များထံမှ ပြင်းထန်သော ဝေဖန်မှုကို ခံခဲ့ရသည်။
နောင်သော် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ဖိအားကြောင့် သေဒဏ်အဆိုပြုချက်ကို ဖယ်ရှားခဲ့သော်လည်း မူကြမ်းတစ်ခုလုံး ဖျက်သိမ်းလိုက်ရန် လူ့အခွင့်အရေးအုပ်စုများက အလိုရှိနေကြသည်။
`တကယ်လို့ ယူဂန္ဓာသမ္မတ Museveni အနေနဲ့ လိင်တူဆက်ဆံမှုဆန့်ကျင်ရေးမူကြမ်းကို လက်မှတ်ရေးထိုးမယ်ဆိုရင် ယူဂန္ဓာက အခြေခံလူ့အခွင့်အရေးတွေကို နောက်ထပ်ရိုက်ချိုး တိုက်ခိုက်လိုက်တာပဲဖြစ်တယ် ´ ဟု Bekele မှ ပြောကြားသည်။
ပါလီမန်လွှတ်တော်အမတ်များ၏ လိုအပ်သောထောက်ခံမဲ မရယူဘဲ ဒီဇင်ဘာလအတွင်း အထက်သို့တက်လာရာ မဆင်မခြင်လုပ်ရပ်ဟူ၍ Museveni မှ ဝေဖန်ခဲ့သည်။ သို့သော် သူသည် သိပ္ပံပညာရှင်တို့၏အမြင်များအား ရယူပြီးမှသာလျှင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးပညာ ကျွမ်းကျင်ပညာရှင် အစုအဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ ၄င်း၌ `လိင်တူဆက်ဆံမှုကို ဖြစ်ပွားစေသည့် တိကျသော မျိုးရိုးဗီဇ ဟူသည် မရှိပါ´ ဟု ဆိုထားသည်။ ထို့ကြောင့် Museveni မှ ဥပဒေမူကြမ်းအား အတည်ပြုလက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်သည်ဟု ယူဂန္ဓာအစိုးရ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ယူဂန္ဓာနိုင်ငံအတွင်း လိင်တူဆက်ဆံမှုအပေါ် ရွံကြောက်မှုများ နက်ရှိုင်းလျက်ရှိသည်။ ဘာသာရေးခေါင်းဆောင်များနှင့် လူမှုမီဒီယာမှ ယူဂန္ဓာနိုင်ငံသားအချို့က လိင်တူဆက်ဆံမှုအား ပြစ်ဒဏ်စီရင်ခြင်း ဥပဒေသည် နိုင်ငံတော်၏ စာရိတ္တယိုယွင်းမှုကို ကယ်တင် လွတ်မြောက်စေမည်ဟု ဆိုလျက် ယင်းဥပဒေမူကြမ်းအား လက်မှတ်ထိုးလိုက်ရန် သမ္မတသို့ ဖိအားပေးလျက်ရှိနေသည်။
Ref: Al Jazeera
Leave a Reply
You must be logged in to post a comment.