မတ် ၂၀၊ ၂၀၁၄
M-Media
လမင်း
မိထ္ထီလာ အကြမ်းဖက်မှု့ တနှစ်ပြည့် ဆုတောင်းပွဲပြုလုပ်၊ ကချင်နှင့် မိထ္ထီလာ ဒုက္ခသည်စခန်းအတွက် မြန်မာမွတ်စလင်လူမှုကွန်ရက်မှ အလှူငွေများ ပေးအပ်
ရန်ကုန် ။ ။ မိတ္ထီလာ ဒုက္ခသည် စခန်းနှင့် ကချင် ဒုက္ခသည်စခန်းသို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားနှင့် မိတ္ထီလာမှသေဆုံးခဲ့သူများ အတွက် တစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ယနေ့မတ်လ ၂၀ ရက်နေ့တွင် တာမွေမြို့နယ်ရှိ မာစီးဒီးခန်း ဂျာမေဗလီ၌ ပြုလုပ်ကျင်းပခဲ့သည်။
“ယနေ့ပြန်လည် ထူထောင်ရေးကိုလုပ်တော့ ကျွန်တော်တို့က လူမျိုးဘာသာ မရွေးလှူဒါန်းခဲ့ပါတယ်။ နောက်ကိုဒီလို ဒုက္ခတွေမကြုံတွေ့ရအောင် ဖြစ်ပြီး သားတွေကို သုံးသပ်ပြီးနေထိုင်ရမှာဖြစ်ပါတယ်။ ရှုံးပြီ ပျက်ပြီလို့ထင်ထားတာတွေဟာ အောင်မြင်မှုရဲ့ သန္ဓေ တည်ခြင်းဖြစ်တယ်လို့ ကျမ်းတော်မြတ် ကုရ်အာန်မှာ မိန့်တော်မှုထားပါတယ်” ဟုအစ္စလာမ်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှုး ဦးအေးလွင်ကပြောကြားခဲ့သည်။
မြန်မာမွတ်စလင် လူမှုကွန်ရက်မှ ကချင်ဒုက္ခသည် စစ်ဘေးစခန်းသို့ အလှူငွေ ၁၀ သိန်းပေးအပ်ခဲ့ပြီး မိတ္ထီလာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ နှင့် အိမ်များတည်ဆောက်နိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင်များ အတွက် သိန်း ၁၅၀၊ အစ္စလာမ်ဘာသာဝင်များ အတွက် သိန်း ၁၅၀ လှူဒါန်းခဲ့သည်။
“ကျွန်တော်တို့ ရောင်နက်ဗလီ မိသားစုကနေ ဦးဆောင်ပေးပြီး အခုလက်ရှိလည်း အိမ်တွေကို တည်ဆောက်နေပါတယ်။ အခုဆိုရင် ၃၀၀ နီးပါးလောက် ပြီးနေပါပြီ။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချူပ်ရဲ့ ခွင့်ပြုမိန့်နဲ့ဆောက်လုပ်နေတာဖြစ်တယ်။ နောက်ကိုလည်း အများကြီး ထပ်ဆောက် ပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်၊ ကျွန်တော်တို့ လူမျိုးဘာသာမရွေးကိုကူညီပေးနေတာဖြစ်တယ် ကူညီစာနာထောက်ထားတဲ့ အနေနဲ့ ကူညီပေးနေတာ ဖြစ်ပါတယ်” ဟု ရောင်နတ်ဗလီ မိသားစုဝင် ဦးစိုးဝင်းကပြောကြားခဲ့သည်။
မိတ္ထီလာ ဒုက္ခသည်စခန်းတွင် လူမျိုးဘာသာမရွေး အိမ်ထောင်စု တစ်စုကို လုံးချင်းအိမ်တစ်ထပ်တိုက် ပေ ၃၀×၄၀ တစ်ထပ်တိုက် ကာလတန်ဖိုး တစ်အိမ် လျှင် ၇၅ သိန်းဖြင့် အကုန်ကျခံကာ နေအိမ်များဆောက်လုပ်ပေးနေလျက် ရှိကြောင်းသိရသည်။ ယခုတွင် အလုံး ၃၀၀ ဆောက်လုပ်ပေးပြီးဖြစ်ပြီး အလုံး ၅၀၀ ကျော် ဆောက်လုပ်ထားရန် မျှော်မှန်းထားကြောင်းသိရသည်။
Leave a Reply
You must be logged in to post a comment.