ဧပြီ ၈ ၊ ၂၀၁၄
M-Media
– ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း ခြေစွမ်းပြနိုင်ပြီး ရလဒ်ကောင်းများရရှိနေခြင်းမှာ မိမိတို့ တိုက်စစ်မှူး သုံးဦးကြောင့် မဟုတ်ဘဲ တစ်သင်းလုံးကောင်းမွန်မှုကြောင့် သာဖြစ်ကြောင်း အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ပြောကြား လိုက်သည်။
ဂါရက်ဘေးလ်မှာ စပါးအသင်းမှ ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ပြီးခဲ့နွေရာသီက ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒို၊ ဘန်ဇီမာတို့နှင့်တွဲကာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည်။ ၎င်းတို့ သုံးဦး တိုက်စစ်အတွဲကို BBC တိုက်စစ်အတွဲဟု ခေါ်ကြပြီး ၃ ဦးတွဲကစားပြီး သွင်းထားသည့် ဂိုးအရေအတွက်မှာ ၅၈ ဂိုးရှိနေသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ရော်နယ်ဒို ဘန်ဇီမာတို့လို ကစားသမားကောင်းတွေနဲ့ တွဲကစားရတာ သိပ်ကို ကျေနပ် စရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးယောက်ထဲတော့ မဟုတ်ပါဘူး။ ရာသီတစ်လျှောက်လုံးမှာ တစ်သင်းလုံး ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်မှာ လာလီဂါတွင် ထိပ်ဆုံးမှ အက်သလက်တီကိုနှင့် ၃ မှတ်အကွာ တတိယနေရာတွင် ရှိနေပြီး ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်ရောက်နေကာ ဒေါ့မွန်သင်းနှင့် ယှဉ်ပြိုင်နေရပြီး ပထမအကျော့တွင် ဂိုးပြတ်ဖြင့် နိုင်ထားသောကြောင့် နောက် တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။
Goal

Leave a Reply
You must be logged in to post a comment.