News @ M-Media

သင်္ကြန်ကာလ အတွင်း ရန်ကုန်မြို့ လမ်းအချို့ တစ်လမ်းမောင်း စနစ်ကျင့်သုံးမည်

ဧပြီ ၉၊ ၂၀၁၄
M-Media
လမင်း

ရန်ကုန်။        ။ မဟာသင်္ကြန်ကာလအတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ရှိအချို့လမ်းများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း တစ်လမ်းမောင်းစနစ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်လမ်းမောင်းစနစ် ကျင့်သုံးရမည့်လမ်းများမှာ ဆရာစံလမ်း (ကမ္ဘာအေးစေတီလမ်းဆုံမှ စက်မှု ၁ လမ်းဆုံ)အထိ၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းမှ ဆူးလေဘုရားလမ်း) အထိ၊ ကန်တော်ကြီးပတ်လမ်း စသည့်နေရာများတွင် တစ်လမ်းမောင်းစနစ်သာ ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

“အခုလိုတစ်လမ်းမောင်းစနစ် ကျင့်သုံးရတာဟာ ယာဉ်ကြောကျပ်တဲ့နေရာတွေကို လုပ်တာဖြစ်တယ်။ အရင်လိုပဲနှစ်လမ်းသွားဆိုရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။ အခုလိုတစ်လမ်းသွားတွေ သတ်မှတ်ပေးလိုက်တော့ လမ်းတွေချာင် သွားပြီး သွားရတာအဆင်ပြေသွားမှာဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အဆင့်မြင့် အရာရှိတစ်ဦးပြောခဲ့သည်။

သင်္ကြန်ကာလမှာရဲအင်အားတွေလည်း တိုးမြှင့်ထားပါတယ်။ အခုလိုယာဉ်ကြောတွေရှင်းသွားတော့ ယာဉ်တိုက်မှုတွေလည်း လျော့နည်းသွားအောင်ပြုလုပ်ကြောင်း သိရသည်။ တစ်လမ်းသွား အဖြစ်ပြုလုပ်မည့် လမ်းများကိုလည်း ရုပ်မြင်သံကြား၊ သတင်းစာများတွင် ထည့်သွင်း၍ အသိပေးကြေညာထားကြောင်းလည်း သိရသည်။

Comments

Leave a Reply