News @ M-Media

နစ်မြုပ် တောင်ကိုရီးယား သင်္ဘောမှ ပျောက်ဆုံးသူများအား ရှာဖွေစဉ် ရေငုပ်သမား တစ်ဦးသေဆုံးခဲ့

.မေ ၇ ၊ ၂၀၁၄
M-Media

– ဧပြီလ ၁၆ ရက်နေ့က တိမ်းမှောက်နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယား ခရီးသည်တင် သင်္ဘောမှ ပျောက်ဆုံးနေသူများအား ရှာဖွေသည့် ရေငုပ်သမားတစ်ဦးမှာ အသက်ရှူဆိုင်ရာ ပြဿနာကြောင့် သေဆုံးသွား ခဲ့သည်ဟု သိရသည်။

20145154940327734_20

အသက် ၅၃ နှစ်အရွယ် အဆိုပါ ရေငုပ်သမားမှာ ပျောက်ဆုံးနေသူများအား ရှာဖွေရန် ရေအောက်သို့ ယနေ့နံနက်ပိုင်းက ငုပ်သွားစဉ် ရေအနက် ၂၅ မီတာ၌ အသက်ရှူခက်ခဲခဲ့ကာ သတိလစ်မေ့မျော့ သွားခဲ့သည်။

ထို့နောက် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုမြောင်ဆွတ်က ပြောကြားခဲ့သည်။ သေဆုံးသူမှာ Undine Marine ရေကြောင်ဌာနမှ ၀ါရင့် ရေငုပ်သမားဟောင်းဖြစ်ပြီး ၎င်း၏ အမည်အား မိသားစုအမည် လီ ဟုသာ ဖော်ပြခဲ့သည်။ လီသေဆုံးမှု၏ အသေးစိတ် အချက်အလက်များကို နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

ရေစီးသန်ခြင်း၊ ရွံ့နွံ ထူထပ်ခြင်း စသည့် စိန်ခေါ်မှုများကို အန်တုကာ ပျောက်ဆုံးနေသူများအား ရှာဖွေနေသည့် ရေငုပ်သမားများမှ ၁၀ ဦးခန့်မှာ မောပန်းနွမ်းနယ်မှု၊ ရေငုပ်ရာတွင် ဖြစ်ပွားလေ့ ရှိသည့် ပြဿနာများကြောင့် ဆေးကုသမှုကို ခံယူခဲ့ရပြီး လီမှာ ပထမဆုံး အသက် ဆုံးရှုံးခဲ့ရသူလည်းဖြစ်သည်။

Sewol ဟု အမည်ရသည့် အဆိုပါ ခရီးသည်တင် သင်္ဘော နစ်မြုပ်မှုမှာ ရက် ၂၀ ရှိလာပြီဖြစ်ပြီး ယခုအချိန်အထိ သေဆုံးသူ ၂၆၃ ဦးကို ဆယ်ယူနိုင်ခဲ့ကာ ၃၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

AFP

Comments

Leave a Reply