ဇွန်လ ၂၀ ရက် ၊ ၂၀၁၄
M-Media

ရမဿသွာန် ဥပုသ်လ ကျရောက်ခြင်း အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် ကာဇန်တွင် ဇွန်လ ၂၅ ရက်နေ့၌ ပြုလုပ်သွားမည်ဟု သိရသည်။
ထိုပြိုင်ပွဲကို မွတ်စလင်လူငယ် ကလပ် Imanyorty မှ ပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းတွင် ဒေသ၏ အထင်ကရ ဗလီဝတ်ကျောင်းတော်များဖြစ်သည့် ကာလ်ရှရစ်ဖ်၊ ယာဒီမ်း၊ ကာဇန်နူရီ၊ နူရွလ္လာဟ်၊ အပ္ပနီနှင့် အခြားသော ဗလီဝတ်ကျောင်းတော်များ ပါဝင်မည်ဖြစ်သည်။
ယခုပြိုင်ပွဲအား ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး စက်ဘီးဖြင့် မြို့ကို လှည့်ပတ်ကြည့်ရှုချင်သူများ၊ စက်ဘီးစီး အားကစားသမားများနှင့် ကိုယ်ပိုင်ကားရှိသူများလည်း ပါဝင်နိုင်မည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။
“ပြိုင်ပွဲမှာ ပါဝင်သူတွေဟာ ကာဇန်မြို့က ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ ရှော့ပင်းမောလ်တွေမှာ ရပ်တန့်ရပါမယ်။ ပြီးတော့ ရမဿသွာန် ဥပုသ်လ ရောက်ရှိလာမှု အထိမ်းအမှတ်အဖြစ် ကာဇန်မြို့သားတွေ၊ လမ်းသွားလမ်းလာတွေကို သံလိုက်နဲ့ပြုလုပ်ထားတဲ့ ကဒ်ပြားလေးတွေ ဝေငှရမှာပါ” ဟု Imanyorty ကလပ်၏ အကြီးအကဲဖြစ်သူ လီဆန် ဆူလ်တာနိုဗာက ပြောကြားခဲ့သည်။
တာတာစတန်ပြည်နယ်မှာ ရုရှားရှိ ကြီးပွား တိုးတက်ဆုံး ပြည်နယ်များထဲမှ တစ်ခုဖြစ်ပြီး လူဦးရေ ၄ သန်းနီးပါးရှိကာ ၅၅ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြပြီး ဗလီဝတ်ကျောင်းတော်ပေါင်း ၁ ထောင်ကျော်ရှိသည်။
ဓါတ်ပုံ အညွှန်း -တာတာစတန် မှ ဗလီဝတ်ကျောင်းတော်တခု
Leave a Reply
You must be logged in to post a comment.