News @ M-Media

ဂါဇာအား အစ္စရေး၏ ကျူးကျော်မှုအတွက် ကမ္ဘာတစ်ဝှမ်း ဆန္ဒပြမှုများပြုလုပ်

သြဂုတ် ၁၀ ၊ ၂၀၁၄
M-Media

CAPE TOWN

ဂါဇာကမ်းမြှောင်အား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို သြဂုတ်လ ၉ ရက်နေ့က ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

လန်ဒန်မှ ပဲရစ်အထိ၊ တီဟီရန်မှ ကိပ်တောင်းအထိ မြို့ကြီးများတွင် ပြည်သူထောင်ပေါင်း များစွာတို့မှာ စုရုံးခဲ့ကြပြီး အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချခဲ့ကာ၊ ပါလက်စတိုင်း ပိုင်းနက်များဖြစ်သည့် ဂါဇာကမ်းမြှောင်နှင့် အနောက်ဘက် ကမ်းခြေတို့အား သိမ်းပိုက်ထားမှုကို အဆုံးသတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ပါလက်စတိုင်းများဘက်မှ ရပ်တည်ပေးရန်အတွက်လည်း နိုင်ငံတကာ အသိုင်းအသိုင်းအား တောင်းဆိုခဲ့သည်။

ကျူးဘား သမ္မတဟောင်း ဖီဒယ်လ် ကက်စရိုကလည်း ပါလက်စတိုင်းများကို ထောက်ခံပြီး၊ ကုလ၏ ဆုံးဖြတ်ချက်ကို လေးစားရန်နှင့် ပါလက်စတိုင်းပိုင်နက်များအား ကျူးကျော်မှုကို အဆုံးသတ်ပေးရန် အစ္စရေးအား တောင်းဆိုခဲ့သည့် ကြေညာစာတမ်းတစ်စောင်ကို ဟာဗာနာတွင် လက်မှတ်ရေးထိုးခဲ့သည်။

လန်ဒန်ပြည်သူများမှာ BBC ရုံးချုပ်သို့ ပထမဆုံး ချီတက်ခဲ့ကာ အစ္စရေးကို အသားပေးရေးသည့် တစ်ဖက်သတ် သတင်းဖော်ပြမှုများအတွက် ဆန္ဒပြခဲ့ကြသည်။

ထို့နောက် အစ္စရေး၏ လုပ်ရပ်များအား ဆန့်ကျင်သည့် ကျွေးကျော်သံများကိုလည်း ကျွေးကျော် ခဲ့ကြပြီး အစ္စရေးအား လက်နက်ရောင်းချနေမှုကို ပိတ်ပင်ရန်လည်း အစိုးရအား တိုက်တွန်း ခဲ့ကြသည်။

ဥရောပတွင် ဂျူးလူ့အဖွဲ့အစည်းနှင့် မွတ်စလင်လူ့အဖွဲ့အစည်းအများဆုံးရှိသည့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်လည်း ထိုကဲ့သို့သော ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး၊ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်လည်း လူပေါင်း တစ်ထောင်ကျော် စုဝေးခဲ့ကာ ဆန္ဒပြမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့ပြီး မြို့လည် ရင်ပြင်တွင် အဆုံးသတ်ခဲ့သည်။

ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ သောကြာနေ့က ပူးပေါင်း ထုတ်ပြန်သောကြေညာချက်တွင် ဂါဇာအား အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ချက်ချင်းရပ်ရန် တောင်းဆိုခဲ့သည်။

အစ္စရေး၏ လူမဆန်သောတိုက်ခိုက်မှုများကို ဆန့်ကျင်ရာတွင် အာဖရိက၏ ဒီမိုကရေစီ အထွန်းကားဆုံး တောင်အာဖရိက နိုင်ငံလည်း ပါဝင်ခဲ့ပြီး မြို့တော် ကိပ်တောင်းတွင် အစ္စရေးအား ဆန့်ကျင်သော ဆန္ဒပြပွဲများကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး လူမျိုးရေး ခွဲခြားမှု ဦးဆောင်ဆန့်ကျင်သူ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးလည်း ပါဝင်ခဲ့သည်။

“ပါလက်စတိုင်းနိုင်ငံ လွတ်မြောက်ဖို့၊ အရှက်ရခြင်း၊ နှိပ်စက်ငြှင်းပမ်းခံရခြင်းနဲ့၊ အစ္စရေးရဲ့ တရားမဲ့တဲ့ ပေါ်လစီတွေကနေ ပါလက်စတိုင်းပြည်သူတွေ လွတ်မြောက်ဖို့အတွက် လုပ်ဆောင်တာဟာ ဘယ်တော့မှရပ်တန့်မယ့် ကိစ္စမဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ တရားမျှတတဲ့ ကိစ္စတစ်ခု ဖြစ်တာကြောင့်ပါပဲ” ဟု တူးတူးက ပြောကြားခဲ့သည်။

တစ်လကျော်ကြာကြာမြင့်နေပြီဖြစ်သည့် ဂါဇာဒေသအား အစ္စရေး၏ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်မှာ ၁၉၀၀ ကျော် ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူမှာ သောင်းနှင့် ချီရှိပြီဖြစ်ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူမှာ တစ်သန်းနီးပါး ရှိလာပြီးဖြစ်သည်။

 

FB တွင် ဓါတ်ပုံများ ကြည့်ရန် http://goo.gl/mWViht

Comments

Leave a Reply