သြဂုတ် ၂၄ ၊ ၂၀၁၄
M-Media

– ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများအား သိမ်းပိုက်ကာ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် ISIS အဖွဲ့အား ဆန့်ကျင်မှု ပြန့်နှံ့ရေး သတိပြုမိစေရန်အတွက် ကနေဒါ ထိပ်တန်း မွတ်စလင်ခေါင်းဆောင် ဆယဒ် ရှိုဟာဝါဒီက ၄၈ နာရီကြာ အစာငတ်ခံ ဆန္ဒပြမည်ဟု သိရသည်။
ရှိုဟာဝါဒီမှာ ကနေဒါ အစ္စလာမ့်ရေးရာကောင်စီ ဌာနချုပ် အကြီးအကဲဖြစ်ပြီး၊ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ် ဖိုလေးအား ISIS က သတ်ဖြတ်မှုကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။
“အစ္စလာမ်၊ ကုရ်အာန်နဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေဟာ မွတ်လင်အများစု ယုံကြည်လက်ခံတာနဲ့ လုံးဝ ပြောင်းပြန် ဖြစ်နေပါတယ်” ဟု ဆယဒ် ဆိုဟာဝါဒီက Calgary Sun သတင်းစာသို့ ပြောကြားခဲ့သည်။
ထိုသတင်းကို ကြားခဲ့ပြီးနောက် ၄၈ နာရီကြာ အစာငတ်ခံဆန္ဒပြမှုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ ထိုအချိန်အတွင်း မိမိမှာ ဗလီဝတ်ကျောင်းတော်အတွင်း ရှိနေမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆီးရီးယားနှင့် အီရတ်သို့သွားရောက်၍ ISIS အဖွဲ့နှင့် ပူးပေါင်းရန် ဖျားယောင်းခြင်းခံရသော လူငယ်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကြိုဆိုသည်ဟုလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ဒီကိစ္စမှာ မွတ်စလင်လူငယ်တွေ ပါဝင်လာတဲ့ ကပ်ရောဂါတစ်ခုဟာ တော့်တော့်ကို သတိပြုစရာပါပဲ။ ကျွန်တော်တတ်နိုင်သလောက် သူတို့ကို အသိပေးသွားမယ်။ အထူးသဖြင့် နယ်စပ်ဒေသမှာ ရှိနေကြသူတွေကိုပေါ့” ဟု ဆိုပြီး အစွန်းရောက်များ၏ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကနေဒါ အာဏာပိုင်များနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ISIS ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စပ်လျဉ်း၍ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်အဖွဲ့အစည်းများနှင့် မွတ်စလင်ပညာရှင်များက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြပြီး၊ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်ကပင် ဆော်ဒီရှိ အကြီးဆုံး မွဖ်သီချုပ်က ISIS မှာ အစ္စလာမ် သာသနာ၏ နံပါတ် ၁ ရန်သူသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ref_OnIslam

Leave a Reply
You must be logged in to post a comment.