News @ M-Media

လူမှုကွန်ရက် အသိပညာပေး ဟောပြော ဆွေးနွေးပွဲ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ ကျင်းပ

သြဂုတ် ၃၀၊ ၂၀၁၄
M-Media
သတင်း/ဓါတ်ပုံ- လမင်း
Social Media Awareness3
ရန်ကုန်။        ။ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှဦးစီးကျင်းပသည့် ကူမှုကွန်ရက်နှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောဆွေးနွေးပွဲ တစ်ရပ်အား ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့ YMCA ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ယနေ့ခေတ်တွင် Social Media ကြောင့် လူများအချင်းချင်း သတ်ကြဖြတ်ကြသည် အထိ ဖြစ်ပေါ်နေကြပြီး၊ အမုန်းတရားများကိုလည်း ဖြန့်ဝေလျက် ရှိနေကြသည်ကြောင်း၊ Social Media မှာ အရေးပါသည့် အခန်းသဏ္ဍတစ်ခုသို့ ရောက်ရှိနေသောကြောင့် ဘာသာတရားအသီးသီး၏ ရှုထောင့်များမှ
ဆွေးနွေးရခြင်းဖြစ်ကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညွတ်ရေး အဖွဲ့မှ ဥက္ကဌဖြစ်သူ ဦးစိန်ဝင်းအောင်က ဆိုသည်။

“ယနေ့ခေတ်မှာ ဘာသာရေး၊ လူမျိုးရေး ကိစ္စများအပါအ၀င် အထွေထွေ မကျေနပ်များကြောင့် အမုန်းတရားစကားများကို Internet, Facebook ပေါ်တို့တွင် မဟုတ်မမှန် လွှင့်တင်ကြရာမှ ပဋိပက္ခတွေ ဖြစ်ပွားလာရပါတယ်။

နိုင်ငံမှာတည်ငြိမ်အေးချမ်းနေတဲ့ လူမှုဘ၀ အသိုက်အ၀န်းတွေကို ဖျက်ဆီးပြီး ပြည်သူတွေ အထိတ်တလန့်ဖြစ်ကာ ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရလေအောင် ပေးပို့နေသော အခြေအနေဆိုးကြီးပဲဖြစ်ပါတယ်” ဟု ဗုဒ္ဓဘာသာမှ ဒေါက်တာတင်သိန်းလွင်က အမုန်းတရားများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့သည်။

Social Media Awareness2

ထို့ပြင် အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဘလော့ဂါ ဦးအောင်မျိုးလွင်က “ယနေ့ခေတ် Social Media အသုံးပြုကြခြင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ Facebook ကို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး Register လုပ်တဲ့အခါမှာကတည်းက သေသေချာချာကြည့်ပြီး လိုတာတွေထက်မပိုအောင်လုပ်ကြဖို့လိုပါတယ်။ အွန်လိုင်းယဉ်ကျေးမှုရေပန်းစားလာခြင်းကြောင့် ခေတ်လူငယ်များမှာ ဘ၀လုံခြုံမှုကင်းမဲ့လာခြင်း၊ လူမှုဆက်ဆံရေး အားနည်းလာခြင်း၊ စိတ်ကျန်းမာရေး ပြသာနာအစရှိတဲ့ ကြီးမားတဲ့ လူမှုပြသာနာအဖုံဖုံကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ယနေ့ခေတ်မှာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများရဲ့ နည်းပညာသဘောကို လူကြီး၊ လူငယ်များ အားလုံးနားလည်ထားဖို့လိုအပ်ပါတယ်” ဟု ရှင်းလင်းပြောဆိုခဲ့သည်။

ပတ်ဝန်းကျင်တစ်ချို့တွင် မုန်းတီးမှုကိုအခြေခံကာ ပြောဆိုနေကြသည့် အမုန်းစကားများများမှာ လူ့အသိုက်အ၀န်းများတွင် တိုးပွားလာပြီး ပဋိပက္ခများဖြစ်ပေါ်လာစေသည်ကို ၀မ်းနည်းစွာတွေ့မြင်နေရကြောင်း အမုန်းတရားများကို ရင်ထဲတွင် ဖျောက်ဖျက်ကြရန် လိုအပ်ကြောင်း ခရစ်ယာန် ဘာသာဝင် ဒေါက်တာစောမာဂီမှ ဆိုခဲ့သည်။

Social Media Awareness1

၎င်းအပြင် ဟိန္ဒူဘာသာမှ နည်းပညာရှင် ဦးရာဝီကလည်း လူမှုကွန်ရက်ကို ထိရောက်စွာအသုံးပြုကြပြီး အမုန်းတရားများကို တားဆီး၍ရနိုင်ကြောင်း၊ လူမှုကွန်ယက် စာမျက်နှာကို အကျိုးရှိစွာ အသုံးပြုနိုင်ကြရန် ကြိုးပမ်းသင့်ကြောင်းနှင့် လူမှုကွန်ရက်နှင့် ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောဆိုခဲ့သည်။

ဘာသာပေါင်းစုံအဖွဲ့က ယခုကဲ့သို့ Social Media နှင့်ပတ်သက်ပြီး ပြည်သူကို ပညာပေး ဟောပြော ဆွေးနွေးများ ကိုလည်း နောင်တွင် ပြုလုပ် ကျင်းပ သွားရန် ကြိုးပမ်းနေကြောင်းလည်းသိရသည်။

Comments

Leave a Reply