အောက်တိုဘာ ၁၉ ၊ ၂၀၁၄
M-Media
– ထောက်လှမ်းရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဆောင်ရွက်သည်ဟု အများစုက ယုံကြည်နေသော အမေရိကန် အာကာသယာဉ်တစ်စီးမှာ ၂၂ လကြာ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှည့်လည်ခဲ့ပြီးနောက် ယမန်နေ့က ပြန်လည် ဆင်းသက်လာခဲ့သည်ဟု သိရသည်။
အာကာသအတွင်း စမ်းသပ်မှုအစီအစဉ်အတွက် ၂၀၁၀ ခုနှစ်က ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည့် X-37B ဟု အမည်ရ အဆိုပါ အာကာသယာဉ်မှာ ယမန်နေ့က ကယ်လီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုလေယာဉ်၏ ယခုခရီးစဉ်မှာ တတိယမြောက်ဖြစ်ပြီး အရှည်ကြာဆုံး ခရီးစဉ်လည်း ဖြစ်ခဲ့သည်။
၆၇၄ ရက်ကြာ ကမ္ဘာပတ်လမ်းကြောင်းထဲတွင် လှည့်လည်စဉ်အတွင်း အာကာသထဲ၌ဘေးအန္တရာယ်လျှော့ချခြင်း၊ စမ်းသပ်မှုများပြုလုပ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ် နည်ပညာများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ သဘောတရား ဖွံ့ဖြိုးမှုများကို ဆောင်ရွက်ခဲ့သည်ဟု အမေရိကန် လေတပ်မှ ပြောကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားခဲ့သည်။
အာကာသအား ငြိမ်းချမ်းစွာအသုံးပြုမှုအတွက် အားပေးသည့် အကျိုးအမြတ်မယူသော The Secure World Foundation အဖွဲ့ကမူ ကမ္ဘာပတ်လမ်းကြောင်းအတွင်း လှုပ်ရှားမှုများကို လျှို့ဝှက်ခြင်းနှင့် X-37B ၏ ပစ္စည်းတင်ဆောင်နိုင်မှုပမာဏတို့က လျှို့ဝှက်ထောက်လှမ်းရေး ပစ္စည်းများ ရှိနေသည်ဆိုခြင်းကို သေချာလုနီးပါးဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်အာဏာပိုင်များကမူ X-37B အား လွှတ်တင်မှုမှာ အခြားသော အာကာသယာဉ်များကို ပစ်ချနိုင်သည့် အာကာသလက်နက် ဖန်းတီးနေခြင်းမဟုတ်ဟု ယခင်က ငြင်းဆိုထားသည်။
၂.၇၅ မီတာအမြင့်၊ ၉ မီတာအရှည်ရှိပြီး ၅၀၀၀ ကီလိုဂရမ်အလေးချိန်ရှိသည့် အဆိုပါ X-37B အာကာသယာဉ်မှာ အသံထက် ၂၅ ဆမြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် အာကာသအတွင်းသို့ နောက်ထပ်တစ်ကြိမ် ထပ်မံလွှတ်တင်ရန် အမေရိကန်အစိုးရက စီစဉ်ထားသည်။
ref_ Agencies
Leave a Reply
You must be logged in to post a comment.