News @ M-Media

ဥပဒေ အထက်မှာ အောင်ဇေယျတု ဂျာနယ် ရှိနေပြီလား (သူ့အမြင်)

အောက်တိုဘာ ၃၀ ၊ ၂၀၁၄
M-Media
.ဆွေမွန်ရေးသည်။
Above_the_Law_scales_logo
အောင်ဇေယျတုဂျာနယ်ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာချက်မှာ ၀န်ခံလိုက်ပါတယ်။

ကျူးလွန်ဖောက်ဖျက်တဲ့ ပုဒ်မတွေကလည်း အများကြီးပါပဲ။ ၀န်ကြီးဋ္ဌာနကလည်း သိသလို ၀န်လည်း ၀န်ခံပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အားလည်းကောင်း၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အား လည်းကောင်း ဖောက်ဖျက် ကျူးလွန်ရာရောက်တယ်လို့ ၀န်ကြီးဋ္ဌာနစာ အမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) မှာ အတိအလင်း ၀န်ခံဖော်ပြထားပါတယ်။

မီဒီယာတစ်ခုက ဒီလိုပဲ ဗုဒ္ဓဘာသာကို စော်ကားမော်ကား ရေးသားရင် တစ်စုံတစ်ရာ အရေးမယူဘဲ ဒီလိုပဲ ပုဒ်မတွေကို ရွတ်ပြရုံနဲ့ ပြီးသွားမယ် ထင်ပါသလား။

ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ကြေညာချက်တခုကို သတင်းတစ်ခုကို ဖော်ပြရုံနဲ့ ဂျာနယ် ထုတ်ဝေခွင့် အပြီးပိတ်သိမ်းခံရရုံတင်မက အယ်ဒီတာတွေ၊ သတင်းရေးသူတွေ သာမက ပိုင်ရှင်ကိုပါ တရားစွဲထောင်ချခဲ့တဲ့ မွန်းတည့်နေဂျာနယ်ကိစ္စ၊ ဓာတုစက်ရုံ သတင်းတစ်ခုကြောင့် အယ်ဒီတာတွေ ဖမ်းဆီးထောင်ချခံရတဲ့ ယူနတီ ဂျာနယ်ကိစ္စတွေဟာ လောလောလတ်လတ် အငွေ့မပြယ်သေးပါဘူး။

ဒီလောက် ပုဒ်မအများကြီးကို သိသိကြီးနဲ့ ရဲရဲတင်းတင်း ကျူးလွန်ခဲ့တဲ့ အောင်ဇေယျတု ဂျာနယ်နဲ့ အယ်ဒီတာ မောင်သွေးချွန် အလှည့်မှာမှ ((အရေးယူပိုင်ခွင့် အပြည့်အ၀ရှိတဲ့ ပြည်ထဲရေး ၀န်ကြီးဋ္ဌာန၊ သာသနာရေးဝန်ကြီးဌာနတွေက တစ်စုံတစ်ရာအရေးမယူဘဲ)) ပြန်ကြားရေး ၀န်ကြီးဋ္ဌာနကသာ ကျူးလွန်ဖောက်ဖျက်တဲ့ဥပဒေတွေကို ရွတ်ပြရုံ ရွတ်ပြပြီး ((ဘာတစ်ခုမှ အရေးမယူနိုင်တဲ့)) စာနယ်ဇင်းကောင်စီကို ဘော်လီဘောပုတ်ထုတ်လိုက်တယ်ဆိုတာက အထူးစပယ်ရှယ် အံ့သြစရာကိစ္စတစ်ခုလိုပဲ ယူဆရမှာပါ။

အောင်ဇေယျတု ဂျာနယ်ရဲ့ ရေးသားဖော်ပြမှုတွေကြောင့် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်း တို့ကို ဖြစ်ပေါ်စေမည့် ရေးသား ချက်များ ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ((တရားဥပဒေအရ အရေးယူရသည့် အဆင့်မရောက်မီ)) မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ စာနယ်ဇင်း ကျင့်ဝတ်နှင့် အညီ ညှိနှိုင်း ဖြေရှင်းပေးဖို့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက တောင်းဆိုတယ် အမိန့်ပေးတယ်ဆိုရင်လည်း ((ဘာအာဏာပါဝါမှ မရှိတဲ့)) စာနယ်ဇင်း ကောင်စီကရော ((ဘာသာတူ)) တစ်ဖက်သတ် ၀ါဒီတွေကို ဘာတွေများ ညှိုနှိုင်းနိုင်မယ် ထင်ပါသလဲ။

ကောက်ချက်ချစရာ တစ်ခုသာကျန်ပါတော့တယ်။ ဒီလို ဥပဒေ ပုဒ်မ ၉ ခုတိတိ ဖျောက်ဖျက် ကျူးလွန်တာကို ဘာမှ အရေးမယူဘဲ ဘော်လီဘောလေးသာ ပုတ်ထုတ်တယ်ဆိုတာက မောင်သွေးချွန် တို့လို အောင်ဇေယျတု  ဂိုဏ်းသားတွေကို အရမ်း ချစ်ခင် စောင်မ ကြည့်ရှု မစနေသူတွေ ရှိလို့သာ ဖြစ်ပါလိမ့်မယ်။ တော်ရုံတန်ရုံ အချစ်နဲ့ ဒီလို ကင်းလွတ်ခွင့်မျိုးကို ဘယ်သူမှ မရနိုင်ပါဘူး။

သားရင်းသမီးချာတွေလို အချစ်အရင်းတွေ ၀င်နေလို့သာ အပြစ်အပြင်းတွေ မမြင်ဘူးလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း ၀န်ကြီးချုပ်ဦးရဲမြင့်အိမ်ကို မီးလောင်တဲ့ဖြစ်ရပ်မှာ အိမ်ရှင် ဦးရဲမြင့်ကို အရေးယူမခံရအောင် ဥပဒေကို ချုံ့ချဲ့လုပ်ခဲ့တဲ့ဖြစ်စဉ်ကိုသာ ပြန်လှည့်မြင်နေရသလိုပါပဲ။

အစ္စလာမ်ကို စော်ကားတာ မဟုတ်ဘဲ သာမန်ကိစ္စတွေမှာ ဒီလိုမျိုး ပုဒ်မ ၉ ခုတိတိကို ဖောက်ဖျက် ကျူးလွန်သူဟာ ဥပဒေအလိုအရ ဥပဒေနဲ့အညီ ((သေချာပေါက်))အရေးယူခံရမှာသာဖြစ်ပြီး ဥပဒေ ရှိပါလျှက် အရေးယူမခံရတဲ့ အောင်ဇေယျတု ဂျာနယ်ကိစ္စကတော့ မြန်မာ့ တရားစီရင်ရေးစနစ်ရဲ့  စံချိန်သစ်တင်တဲ့ ထူးခြားဖြစ်စဉ်ကြီးလို့သာ မှတ်ယူရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် No one is above the law ဆိုတဲ့စကားဟာ မြန်မာပြည်မှာ ဟာသ အကြီးစား တစ်ခုမျှသာ ဖြစ်ပါတော့တယ်။
10641254_1550326958512740_89276513555842431_n

10523986_1550326975179405_3780904653908455975_n
Photo Ref: MOI Webportal Myanmar

Comments

Leave a Reply