နိုဝင်ဘာ ၅ ၊ ၂၀၁၄
M-Media
– ဘာစီလိုနာ၏ ကွင်းပြင်ပ ပြဿနာများက ကွင်းအတွင်းစွမ်းဆောင်ရည်ကိုပါ ထိခိုက်နေပြီး အသင်း၏ ဂုဏ်သိက္ခာမှာလည်း ယခင်ကထက် ကျဆင်းခဲ့ပြီးဟု အသင်း၏ ဂန္တ၀င်ကစားသမားဟောင်း ဂျိုဟန်ခရိုက်ဖ်က ပြောကြားလိုက်သည်။
ဘာစီလိုနာမှာ ပြီးခဲ့သည့် လများအတွင်း မက်ဆီ၏ အခွန်လိမ်လည်မှု ပြဿနာ၊ နေးမာ၏ အပြောင်းအရွေ့တွင် ချစားမှုများရှိခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အသင်းဥက္ကဌဟောင်း ရိုဆဲလ် တရားရုံးတက်ရခြင်း၊ လူငယ်ကစားသမားများကို ဥပဒေပ ခေါ်ယူခဲ့သောကြောင့် ၂၀၁၅ ခုနှစ်တွင် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရမှု၊ အသင်းဥက္ကဌဟောင်း ဂျိုးဆက်ပ် လူအစ် နူနက်ဇ် အခွန်လိမ်လည်မှုဖြင့် ထောင်ကျခြင်း စသည့် ပြဿနာများကို ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် အသင်း၏နည်းပြဟောင်းတစ်ဦးလည်းဖြစ်ခဲ့ဖူးသူ ဂျိုဟန်ခရိုက်ဖက်က ဘာစီလိုနာအသင်း၏ ယုတ်လျော့မှုကို တွေ့မြင်ရသည်မှာ ၀မ်းနည်းပက်လက်ဖြစ်ရသည်ဟု ဆိုသည်။
“ဘာစီလိုနာကို ဒီလိုပုံစံမျိုးနဲ့မြင်ရတာ စိတ်မကောင်းပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ကျွန်တော်တို့ဟာ ဂုဏ်သိက္ခာတွေ ဆုံးရှုံးခဲ့ပါပြီ။ ယူနီဆက်ဖ်ရဲ့ မိတ်ဖက်ဖြစ်ခြင်းနဲ့အတူ ဘာစီလိုနာဟာ အရင်က ကမ္ဘာရဲ့ ရတနာတစ်ပါးဖြစ်ပြီး လူတိုင်းက ဘာကာကို စောင့်ကြည့်ချင်ခဲ့ကြပါတယ်။ ဒီအသင်းကို ချစ်ခင်တဲ့သူမှန်သမျှ အခုဖြစ်နေတာတွေအတွက် မပျော်ရွင်ကြပါဘူး” ဟု ခရိုက်ဖ်က ပြောကြားခဲ့သည်။
ထို့ပြင် အသင်း၏ အာဂျင်တိုင်းကွင်လယ်လူ မက်ဆီအပေါ်ဝေဖန်မှုများကိုလည်း ကန့်ကွက်ခဲ့ပြီး မက်ဆီမှာ တစ်ဦးတည်းကစား၍ မရကြောင်း၊ နေးမာ၊ ဆွာရက်ဇ်တို့နှင့်တူ ပေါင်းစပ်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နည်းပြ အန်းရစ်နှင့်ပတ်သက်၍ မိမိတွင် အကြံပြုစရာမရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဘာစီလိုနာမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ မပြနိုင်သေးဘဲ ပြီးခဲ့သည့် လာလီဂါ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။
Leave a Reply
You must be logged in to post a comment.