News @ M-Media

ငြိမ်းချမ်းရေး သဘောတူညီချက် ဖျက်သိမ်းမည်ဟု ယူကရိန်း သမ္မတပြော၊ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားဖွယ်ရှိနေ

နိုဝင်ဘာ ၅ ၊ ၂၀၁၄
M-Media
Ukraine to re-examine peace plan with rebels
– မိမိတို့အစိုးရအား ဆန့်ကျင်ကာ သိမ်းပိုက်ထားသည့်နယ်မြေများကို လွတ်လပ်ရေးကြေညာရန် ခွဲထွက်ရေးသမားများက ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့နှင့် သဘောတူညီထားသော ငြိမ်းချမ်းရေး အစီအစဉ်အား ဖျက်သိမ်းတော့မည်ဟု ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ပြောကြားလိုက်သည်။

ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်း၏ လက်ရှိပိုင်နက်တွင် ခွဲထွက်ရေးသမားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဆိုသည့် အဓိကအချက်ကို ဖျက်သိမ်းခြင်းအပါအ၀င် အဆိုပါ သဘောတူညီချက်ရှိ မိမိတို့၏ ကတိက၀တ်များအား အောက်တိုဘာ ၄ ရက်နေ့တွင် ပြန်လည်ဆန်းစစ်သွားမည်ဟုလည်း ပိုရိုရှန်ကိုက ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း ဒေသနှစ်ခုတွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော အဆိုပါ ရွေးကောက်ပွဲမှာ နိုင်ငံတစ်ခုအဖြစ် တရားဝင်ဖြစ်လာရန် ခွဲထွက်ရေးသမားများက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဒေသ ခွဲထွက်ရေးတိုက်ပွဲများတွင် စစ်တပ်များလွှတ်ကာ ကူညီပေးခဲ့သည်ဟု စွပ်စွဲခံထားရသည့် ရုရှားမှာ ထိုရွေးကောက်ပွဲအား အသိအမှတ်ပြုခဲ့သည်။

နေတိုးအဖွဲ့နှင့် ဥရောပ သမဂ္ဂတို့ကမူ ထိုရွေးကောက်ပွဲအား လက်မခံဟု ပြောကြားခဲ့ပြီး ရုရှား၏ သဘောထားအတွက်လည်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျာလာမာကဲလ်၊ နေတိုးတပ်မှူး ဖီးလစ် ဘရီဒ်လက်ဗ်နှင့် ပြင်သစ်သမ္မတ ဖရန်ကိုစ် ဟော်လန်ဒေးတို့က ဝေဖန်ပြောဆိုခဲ့ကြသည်။

ထိုပြဿနာကြောင့် ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများကို တွေ့မြင်ရဖွယ်ရှိနေပြီး ခွဲထွက်ရေးသမားများက စစ်တပ်များနှင့် လက်နက်များကို ရွှေ့ပြောင်းမှုများ ပြုလုပ်နေ သည်ဟု ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။

ref_ AFP

Comments

Leave a Reply