နိုဝင်ဘာ ၁၁ ၊ ၂၀၁၄
M-Media
– ပြီးခဲ့သည့် ဧပြီလက နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယား ခရီးသည်တင် သင်္ဘော Sewol မှ သင်္ဘော ကပ္ပတိန် လီဂျွန်ဆွတ်အား တောင်ကိုရီးယား တရားရုံးမှ ထောင်ဒဏ် ၃၆ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။
အဆိုပါ သင်္ဘောနစ်မြုပ်မှုတွင် ဆယ်ကျော်သက် ကျောင်းသား အများစု အပါအ၀င် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး သေဆုံးရခြင်း အကြောင်းအရင်းမှာ သင်္ဘောသားများ၏ လစ်လျူရှုမှုကြောင့် ဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
လီဂျွန်ဆွတ်နှင့်အတူ အဆိုပါ သဘောင်္၏ စက်ဆရာကိုလည်း ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပြီး အခြား သင်္ဘောသားများအား ထောင်ဒဏ် ၅ နှစ်မှ နှစ် ၃၀ အထိ အသီးသီး ချမှတ်ခဲ့သည်။
လီဂျွန်ဆွတ်ကမူ မိမိအနေဖြင့် သင်္ဘော နစ်မြုပ်ချိန်တွင် သင်္ဘောအား စွန့်ခွာခဲ့မှု အတွက် တောင်းပန်ကြောင်း၊ သေဆုံးသူ အရေအတွက်မှာ ထိုကဲ့သို့ များပြားမည်ကို မသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်္ဘောမှာ အရှိန်ဖြင့်ကွေ့ရာမှ တိမ်းစောင်းနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ချိန်တွင် အတွေ့အကြုံမရှိသည့် လက်ထောက်ကပ္ပတိန်က သင်္ဘောအား မောင်းနှင်နေသည်။
သေဆုံးသွားသော အလောင်းများရှာဖွေရာတွင် ၈ ဦးကျန်ရှိနေပြီး ရေငုပ်သမားများအတွက် အလွန်အန္တရာယ်ရှိသည့် အခြေအနေများ ဖြစ်လာသောကြောင့် ရှာဖွေမှုကို ပြီးခဲ့သည့် တစ်ပတ် အင်္ဂါနေ့က ရပ်နားခဲ့သည်။ သင်္ဘောဆယ်ယူမှုကိုမူ ဆက်လက် လုပ်ဆောင်နေသည်။
ref_ Al Jazeera and agencies


Leave a Reply
You must be logged in to post a comment.