နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
M-Media
– ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် ယမန်နေ့ညပိုင်းက အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြပြီး အိမ်များလည်း ပျက်ဆီးခဲ့သည်ဟု သိရသည်။
တောင်တန်းများရှိရာ နာဂါနိုပြည်နယ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိသည်ဟု ဂျပန်မိုးလေ၀သ အေဂျင်စီက ကြေညာခဲ့သည်။ အမေရိကန် မိုးလေ၀သဆိုင်ရာ လေ့လာရေးစင်တာကမူ အင်အား ၆.၂ မဂ္ဂနီကျုဟု ဖော်ပြခဲ့သည်။
ငလျင်ဒဏ်အခံရဆုံး ဒေသမှာ နှင်းလျှောစီးအပန်းဖြေစခန်းများရှိရာ ဟာကူဘာရွာဖြစ်ပြီး အိမ် ၅ လုံးနှင့် ဂိုထောင်များ ပြိုကြခဲ့သည်။ လူပေါင်း ၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုအထဲမှ ၇ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု နာဂါနိုပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ငလျဉ်ဒဏ်ကြောင့် မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ပြီး ကားလမ်းများ၊ ရထားလမ်းများလည်း ပျက်ဆီးခဲ့သည်။ သို့သော်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နျူကလီးယား ဓာတ်အားပေးစက်ရုံများ ထိခိုက်ခဲ့ခြင်း မရှိချေ။
ပျက်ဆီးမှုများအား ရှင်းလင်းခြင်းနှင့် ပိတ်မိနေသူများကို ကယ်တင်ရန်အတွက် ကယ်ဆယ်ရေလုပ်သား ၃၀၀ ကျော်ဖြင့်ဆောင်ရွက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးခဲ့ပြီဟု ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါငလျင်ပြီးနောက် အင်အား ၄.၁ မဂ္ဂနီကျုရှိသည့် နောက်ဆက်တွဲငလျင်တစ်ခုလည်း ထပ်မံ လှုပ်ခတ်သွားသည်ဟု ဂျပန်မိုးလလေ၀သ အေဂျင်စီမှ ထပ်မံကြေညာခဲ့သည်။
ref_ CNN
Leave a Reply
You must be logged in to post a comment.