News @ M-Media

မက်ဆီအား မန်စီးတီး ခေါ်ယူမည့်သတင်း ကောလဟာလဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီပြော

နိုဝင်ဘာ ၊ ၂၆ ၊ ၂၀၁၄
M-Media
633611_heroa
– ပြီးခဲ့သည့် တစ်ပတ်ကပင် လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်လာခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီအား ခေါ်ယူမည်ဆိုသည့် သတင်းများကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ငြင်းဆိုလိုက်သည်။

မက်ဆီမှာ ယခုနှစ်ရာသီကုန်တွင် ဘာကာမှ ထွက်ခွာနိုင်သည်ဟု ပြီးခဲ့သည့်တစ်ပတ်က အရိပ်အမြွက် ပြောကြားထားပြီး ဥရောကလပ်အသင်းများကလည်း ပြောင်းရွှေ့ကြေး အမြောက်အများသုံး၍ ခေါ်ယူသွားရန် ဆက်သွယ်နေကြသည်။

မန်စီးတီးအသင်းမှာ ပြီးခဲ့သည်တစ်ပတ် တနင်္ဂနွေနေ့က အင်္ဂလန်တွင် ကစားခဲ့သည့် အာဂျင်တီးနားနှင့် ပေါ်တူဂီတို့၏ ခြေစမ်းပွဲမတိုင်မီ ၎င်းတို့၏ ပေါင်သန်းချီတန် အကယ်ဒမီသို့ မက်ဆီအား ဖိတ်ခေါ်ခဲ့ပြီးနောက် မက်ဆီအား ခေါ်ယူရန် ကြိုစားမှုတွင် ပါဝင်လာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

`ကောလဟာလဆိုတာ ကောလဟာလပါပဲ။ သူဟာ ထူးခြားတဲ့အရာတွေကို လုပ်ပြခဲ့ပြီး သူ့လိုအဆင့်မျိုးကို ရောက်နိုင်တဲ့ကစားသမား အနည်းငယ်လောက်ပဲ ရှိပါတယ်။ သူရခဲ့တဲ့ မှတ်တမ်းက သူဟာ ဘာစီလိုနာမှာ ဘယ်လောက် အရေးပါသလဲဆိုတာ ပြနေတာပါပဲ´ ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်မှစတင်ကာ ခြေစွမ်းကျဆင်းခြင်း၊ ပြဿနာအချို့နှင့် ရင်ဆိုင်နေရခြင်း၊ ဘာစီလိုနာမှာလည်း အရှုပ်အထွေးများရှိနေခြင်း စသည်တို့ကြောင့် မက်ဆီ၏အနာဂတ်မှာ မသေချာတော့ဘဲ ရီးယဲလ်အပါအ၀င် အသင်းကြီးများကလည်း ခေါ်ယူရန် ကြိုးစားနေကြသည်။

Comments

Leave a Reply