ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
M-Media
– ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေ ရာမာလာအနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ပြုလုပ်ခဲ့သည့် အစ္စရေး၏ ကျူးကျော် ဖမ်းဆီးမှုအတွင်း ပါလက်စတိုင်း ဆယ်ကျောက်သက်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့က အစ္စရေးစစ်တပ်၏ အကြောင်းမဲ့ ၀င်ရောက်ဖမ်းဆီးမှုတွင် ပါလက်စတိုင်းများနှင့် ထိပ်တိုက်တွေ့ခဲ့ကာ သေဆုံးသွားသူမှာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်ဟု ဆေးအဖွဲ့က ပြောကြားခဲ့ပြီး အခြားလူငယ်တစ်ဦးကိုလည်း အစ္စရေးက ဖမ်းသွားခဲ့သည်။
အစ္စရေးဘက်ကမူ ၎င်းတို့၏ အထူးတပ်ဖွဲ့နှင့် ပါလက်စတိုင်းပြည်သူတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့သည်။
အစ္စရေးစစ်သားများ ၀င်ရောက်လာသည့်အခါ ပါလက်စတိုင်းပြည်သူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို တဲခေါင်မိုးပေါ်မှ ကြည့်ရှုနေသူ လူငယ်အား အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
ကုလ၏ မှတ်တမ်းများအရ အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ယခုနှစ်နှစ်စမှ လက်ရှိအချိန်အထိ စုစုပေါင်း ပါလက်စတိုင်း ၄၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။
Al Jazeera and agencies
Leave a Reply
You must be logged in to post a comment.