ဇန်န၀ါရီ ၄၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းအစိုးရ၏ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်း မှုကို မကျေပ်နပ်သည့်အတွက် ပါလက်စတိုင်းဘက်မှ ရရှိမည့် အခွန်များကို အစ္စရေးက ဆိုင်းငံ့ထားလိုက်သည်ဟု သိရသည်။
အမည်မဖော်လိုသည့် အစ္စရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ အစ္စရေးနေ့စဉ် သတင်းစာ Haaretz ၏ အွန်လိုင်း စာမျက်နှာတွင် ထိုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်း ပိုက်နက်အတွင်း ၀င်ရောက်လာသည့် ကုန်ပစ္စည်းအခွန်များနှင့် အခြားသောအခွန်များအတွက် ပါလက်စတိုင်းအစိုးရမှ ရရှိမည့် စုစုပေါင်း အခွန်ပမာဏမှာ ကန်ဒေါ်လာ ၁၂၇ သန်း ခန့် ရှိသည်။
`ဒီဇင်ဘာလအတွက် အခွန်ငွေတွေကို သောကြာနေ့က လွှဲအပ်ရမှာပါ။ ဒါပေမယ့် ပါလက်စတိုင်းရဲ့ ICC ကိုဝင်ရောက်ဖို့ ဆောင်ရွက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လွှဲပြောင်းပေးအပ်မှုကို ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာပါ´ ဟု အဆိုပါ အစ္စရေး တာဝန်ရှိသူက ပြောကြားခဲ့သည်။
၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲ ပြီးဆုံးပြီးသည့်နောက် ကုလသမဂ္ဂမှ သတ်မှတ် ပေးထားသော ပါလက်စတိုင်းပိုင် နယ်နမိတ်ကို အစ္စရေးတို့က ကျူးကျော် သိမ်းပိုက်ထားကာ အခွန်ငွေများကိုလည်း ပါလက်စတိုင်း အစိုးရအား ကောက်ခံခွင့်မပေးဘဲ အစ္စရေးက ကောက်ခံရယူနေသည်။
ပါလက်စတိုင်းအစိုးရမှာ ICC နှင့် အခြားသော နိုင်ငံတကာ သဘော တူညီချက်များအတွင်း အဖွဲ့ဝင်အဖြစ်ပါဝင်ရန် အတွက် တောင်းဆိုလွှာ များကို သောကြာနေ့က ကုလရုံးချုပ်သို့ ပေးပို့ထားပြီး ပါလက်စတိုင်းအား မတရား ကျူးကျော်သိမ်းပိုက်ထားသည့် အစ္စရေးက သတ်ပစ်ခဲ့သော ပြည်သူများ အားလုံးအတွက် တရားမျှတမှုကို ဆောင်ကျဉ်းရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။
Ref: aljazeera
Leave a Reply
You must be logged in to post a comment.