ဧပြီ ၂၊ ၂၀၁၅
M-Media
– ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း ဂါရစ်ဆာမြို့ရှိ တက္ကသိုလ်တစ်ခုအတွင်း အလ်ရှာဘတ်လက်နက်ကိုင်များက ၀င်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကာ ဓားစားခံများကိုလည်း ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က
ပြောကြားလိုက်သည်။
ယနေ့နံနက် စောစောပိုင်းတွင် ဂါရစ်ဆာတက္ကသိုလ်ဝင်းအတွင်းသို့ သေနတ်သမားများက ၀င်ရောက်၍ အဆောင်များအား
ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ၆၀ ကျော်ခန့် ရှိသည်။ မျက်မြင်သက်သေများကမူ တက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကို ကြားရပြီး ဒဏ်ရာရရှိသူများကိုလည်း လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်နေသည်ဟု ဆိုသည်။
ကင်ညာ ကြက်ခြေနီအဖွဲ့ကမူ သေနတ်သမားများမှာ အရေအတွက်မည်မျှမှန်း မသိရသည့် ကျောင်းသားများကို ဓားစားခံအဖြစ် ဖမ်းထားကြောင်း၊ ကျောင်းသား ၅၀ ကျော်မှာ လွတ်မြောက်လာကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့များကမူ သေနတ်သမားများအား ချေမှုန်းရန် ကြိုးစားနေသည်။
ဆိုမာလီယာမှ အလ်ရှာဘတ်အဖွဲ့မူ ကင်ညာစစ်တပ်အနေဖြင့် ဆိုမာလီယာတွင် မိမိတို့အား တိုက်ခိုက်မှုအတွက် လက်စားချေခြင်းဖြစ်ပြီး ၎င်းတို့၏ သေနတ်သမားများမှာ ခရစ်ယာန်ဓားစားခံများကို ဖမ်းထားသည်ဟု ကြေညာခဲ့သည်။
ကင်ညာကတ်ဘိနတ်မှ အတွင်းရေးမှူးဖြစ်သူ ဂျိုးဆက်ပ် အန်ကာအစ္စရီကမူ သေနတ်သမားတစ်ဦးအား အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးစဉ် ဖမ်းဆီးမိထားသည်ဟု ဂါရစ်ဆာမှတစ်ဆင့် ပြောကြားခဲ့သည်။ ကင်ညာရဲတပ်ဖွဲ့မှ ထုတ်ပြန်သောကြေညာချက်တွင် သေနတ်သမားများမှာ ကျောင်းဝင်းအတွင်း ပစ်ခတ်ခဲ့ပြီး အဆောင်များကို စောင့်နေသည့် ရဲတပ်ဖွဲ့များနှင့် ပြင်းထန်သော ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဇစ်ပိုရာ အမ်ဘိုရိုကီကမူ အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေပြီး သေနတ်သမားများမှာ တက္ကသိုလ်ဝင်းအတွင်း ပုန်းနေသည်ဟု ဆိုသည်။
“သေနတ်သမားတွေက ဂိတ်ပေါက်ဝမှာရှိတဲ့ ရဲတွေကို ပစ်ခတ်ပြီး ရဲတွေကလည်း ပြန်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် သေနတ်သမားတွေက အဆောင်ထဲကို ၀င်နိုင်ခဲ့ကြပါတယ်။ ကင်းသမား ၂ ယောက်သေဆုံးသွားတယ်လို့ ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်။ ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရမှုနဲ့ပတ်သက်လို့တော့ အတည်မပြုနိုင်သေးပါဘူး။” ဟု အမ်ဘိုရိုကီက ပြောကြားခဲ့သည်။
လက်ရှိတွင် ကင်ညာရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.