News @ M-Media

ဘရာဇီးလ်ဘောလုံးသမားများ အသင်းအတွက် စိတ်နှစ်ကစားခြင်းမရှိဟု ဆန်းတို့စ်ပြော

ဧပြီ ၈၊ ၂၀၁၅
M-Media

santos

– ဘရာဇီးလ်ကစားသမားများအနေဖြင့် ဂျပန်ကစားသမား၏ နိုင်ငံအသင်းအတွက် “စိတ်နှစ်မြှုပ်မှု” အရည်အချင်းကို သင်ယူရမည်ဟု ဘရာဇီလ်းဖွား ဂျပန်ကစားသrား အလက်ဇန်ဒရို ဆန်းတို့စ်က ပြောကြားလိုက်သည်။

၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်၌ ဂျာမနီအား ၇ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရခြင်းအပါအ၀င် ဘရာဇီးလ်မှာ အောင်မြင်မှုမရခဲ့သော်လည်း ပြိုင်ပွဲအပြီး နည်းပြသစ် ဒွန်ဂါကိုင်တွယ်ခဲ့သည့် အချိန်တစ်လျှောက်တွင် လက်ရှိ အချိန်အထိ ၈ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။

ကစားသမား သက်တမ်းတစ်လျှောက်ကို ဂျေလိဂ်တွင် ကုန်ဆုံးခဲ့ပြီး လက်ရှိတွင် ဘရာဇီးလ်ကလပ် Maringa ၌ ကစားနေသည့် ဆန်းတို့စ်ကမူ ဘရာဇီးလ်ကစားသမားများ၏ အသင်းအတွက် စိတ်နှစ်မြှုပ်မှုမရှိခြင်းကို ဝေဖန်လိုက်ပြီး ဘရာဇီးလ်အသင်း တိုးတက်ချင်ပါက ကမ္ဘာ့ဖလားကျရှုံးမှုကို လုံးဝ မေ့ပစ်၍မရဟု ပြောကြားခဲ့သည်။

“စိတ်နှစ်မြှုပ်မှုဆိုတဲ့အရည်အချင်းကို ဂျပန်ကစားသမားတွေဆီကနေ ဘရာဇီးလ်ကစားသမားတွေက သင်ယူရပါလိမ့်မယ်။ ဘရာဇီးလ်မှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ကံမကောင်းတာကတော့ အဲဒီကစားသမားကောင်းတွေဟာ သူတို့ရဲ့အရည်အသွေးကို သက်သေပြဖို့ အခွင့်အရေး များများစားစား မရကြပါဘူး။ ဂျပန်မှာ ဘောလုံးသမားတွေဟာ အမြဲတမ်း တိုးတက်ဖို့ ရည်ရွယ်နေကြပါတယ်။ ပြီးတော့ ကြိုးကြိုးစားစားလည်းရှိပြီး စိတ်ဓာတ်လည်း ပြတ်သားကြပါတယ်။ ဘရာဇီးလ်မှာတော့ ဒါမျိုးကို မတွေ့ရပါဘူး” ဟု ဆန်းတို့စ်က ပြောကြားခဲ့သည်။

ဆန်းတို့စ်မှာ ဘရာဇီးလ်တွင် မွေးဖွားခဲ့သော်လည်း ငယ်စဉ်ကတည်းက ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သည်။

ဘရာဇီးလ်ကစားသမားများနှင့် ပတ်သက်၍ “ဘရာဇီးလ်မှာ ယုံကြည်မှုလွန်ကဲတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဖြစ်တာကြောင့် လေ့ကျင့်ဖို့မလိုအပ်ဘူး၊ အမြဲတမ်း ဒီလိုပဲဖြစ်နေမယ်လို့ သူတို့ ထင်ကြပါတယ်။ တကယ်တော့ တစ်ခုခု တိုးတက်နေရမှာပေါ့လေ” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Goal.com

Comments

Leave a Reply