ဧပြီ ၈၊ ၂၀၁၅
M-Media
– နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာသော ယီမင်စစ်ပွဲ အဆုံးသတ်ရေး နိုင်ငံရေး အဖြေအတွက် လိုအပ်ချက်နှင့် ပတ်သက်၍ တူရကီနှင့် အီရန်တို့ သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။
“ကျွန်တော်တို့ဟာ အီရတ်၊ ဆီးရီးယားနဲ့ ပါလက်စတိုင်းအကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ယီမင်အတွက်တော့ တော်တော်ကြာကြာ ဆွေးနွေးခဲ့ကြပါတယ်။ စစ်ပွဲတွေ၊ သွေးမြေကျမှုတွေကို ဒီဒေသမှာ ချက်ချင်း ရပ်တန့်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့နှစ်ယောက်စလုံး တွေးကြပါတယ်။ ပြီးတော့ ပြည့်စုံတဲ့ အပစ်ရပ်ရေးကို တည်ဆောက်ရမှာဖြစ်ပြီး ယီမင်မှာ တိုက်နေခိုက်နေတာတွေကိုလည်း ရပ်ကို ရပ်တန့်ပစ်ရပါမယ်” ဟု ရူဟာနီက တီဟီရန်တွင် တူရကီသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးမှုအပြီး ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တူရကီသမ္မတကမူ ယီမင်ကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ အီရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်းကိုသာ ပြောကြားခဲ့သည်။ တူရကီမှာ ယီမင်ရှိ ဟူသီသူပုန်များအား ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်ခြင်းကို ထောက်ခံထားသည်။
ရူဟာနီကမူ ဒေသတွင်းအခြားသော နိုင်ငံများ၏ အကူအညီဖြင့် မိမိတို့ ၂ နိုင်ငံမှာ ယီမင်နိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်ရေးနှင့် ယီမင်နိုင်ငံများသားများအကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးကို ကူညီဆောင်ရွက်သွားရန် မျှော်လင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ယီမင်တွင် အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟူသီသူပုန်များနှင် ဆော်ဒီမှ ထောက်ခံသော သမ္မတာဟာဒီအား သစ္စာခံသည့် တပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး ပြည်တွင်းစစ်အသွင် ဆောင်နေသည်။
တူရကီသမ္မတ အာဒိုဂန်မှာ ၀န်ကြီးများနှင့်အတူ အီရန်နိုင်ငံသို့ တစ်ရက်တာ သွားရောက်ခဲ့ပြီး အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.