ဧပြီ ၂၅၊ ၂၀၁၅
M-Media
– နီပေါနိုင်ငံတွင် ဒေသစံတော်ချိန် ယနေ့ နေ့လည်ပိုင်းက ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်သွားသောကြောင့် ရှေးဟောင်းမြို့တော်ဖြစ်သော ခတ္တမန်ဒူတွင် အဆောက်အဦးများ ပြိုကျပျက်ဆီးခဲ့ကာ လူအများအပြား သေဆုံးခဲ့ကြသည်ဟု သိရသည်။
အနည်းဆုံး လူ ၁၂၀ ကျော် သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားမှုကို ကိုးကား၍ ဒေသတွင်း ၀ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။ ရှေးဟောင်းဘုရားကျောင်းများ၊ မျှော်စင်များနှင့် အဆောက်အဦးများအပါအ၀င် ခတ္တမန်ဒူမြို့ရှိ အဆောက်အဦးအများအပြားမှာ ပြိုကျ ပျက်ဆီးခဲ့ကြပြီး ပိတ်မိနေသူများရှိနေကာ သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာဖွယ်ရှိနေသည်။
မြို့လယ်ကောင်ရှိ ဆေးရုံတွင် ဒဏ်ရာရရှိသူများနှင့် ပြည့်နှက်နေပြီး တရုတ်နယ်စပ်မှ အသံလွှင့်ဌာနတစ်ခုက ငလျင်ကြောင့် နီပေါနှင့် တရုတ်နယ်စပ်တွင် တရုတ် ခရီးသွားတစ်ဦး သေဆုံးခဲ့သည်ဟု ကြေညာခဲ့သည်။
ခတ္တမန်ဒူအနောက်မြောက်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ဒဏ်ကို ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တိဘက်နိုင်ငံတို့လည်း ခံစားခဲ့ကြရပြီး ထိုနိုင်ငံများတွင် အဆောက်အဦးများ ပြိုကျပျက်ဆီးကာ သေဆုံး ဒဏ်ရာရမှုများလည်း ရှိနေသည်။
ခတ္တမန်ဒူတောင်ကြားမှာ လူနေထူထပ်သည့် ဒေသဖြစ်ပြီး လူပေါင်း ၂.၅ သန်းခန့် နေထိုင်သည်။ နီပေါနိုင်ငံတွင် ၁၉၃၄ ခုနှစ်က ပြင်းအား ၈.၃ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈၅၀၀ ကျော် သေဆုံးခဲ့သည်။
Ref: Reuters, AP
Leave a Reply
You must be logged in to post a comment.