News @ M-Media

မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ဟု အမေရိကန်ပြော

11205106_1583212588602330_4977429749082110853_n
မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်များအပေါ် ခွဲခြားကန့်သတ်မှုများရှိနေသည်ဟု ဝေဖန်ခံနေရသော မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းမှုများအပေါ် စိုးရိမ်ပူပန်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်း တရပ် အရ သိရှိရသည်။

သူရဦးရွှေမန်းနှင့် အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တွင် တွေ့ဆုံခဲ့သော အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲ သည် အားလုံးပါဝင်နိုင်ပြီး အများကယုံကြည်လက်ခံနိုင်သည့် ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲ ဖြစ်ရန် အရေးကြီး သည် ဟု အလေးပေးပြောဆိုခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ တိုင်းရင်းသား အဖွဲ့များနှင့် ပြန်လည်သင့်မြတ်မှုရရှိရန်နှင့် လူ့အခွင့် အရေး ကိစ္စများအတွက် ရေရှည်တည်တံ့မည့် အဖြေများ ရရှိရန် လိုအပ်သည်ဟု ဦးရွှေမန်းကို တိုက်တွန်းပြောဆိုသည်ဟု သိရှိရသည်။

လူနည်းစု မူစလင်များကို ထုတ်ပေးထားသည့် White Card များ ပြန်လည် ရုပ်သိမ်းခြင်း အပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ကြောင်း Antony Blinken က ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကျောင်းသားဆန္ဒပြပွဲများကို အင်အားသုံးဖြိုခွဲခဲ့ခြင်း နှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ် ရန်လည်း သူက တောင်းဆိုခဲ့သည်။

မြန်မာအစိုးရက White Card ယာယီသက်သေခံ ကတ်ပြားများကို ပြန်လည်အပ်နှံရန် ကြေညာခဲ့ပြီး လွှတ်တော်က White Card ကိုင်ဆောင်သူများကို ပေးအပ်ထားသည့် နိုင်ငံသား အခွင့်အရေးများကိုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ဦးရွှေမန်း၏ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်အစိုးရတာဝန်ရှိသူများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင် ခွင့်မှ တားဆီးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ပေးရန် အလေးပေး ပြောဆိုကြောင်း သိရှိရသည်။

ဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒရှိသော်လည်း အထွေထွေ ရွေးကောက်ပွဲ က နိုဝင်ဘာလတွင် ကျင်းပတော့ မည်ဖြစ်သည့် အတွက် အချိန်နည်းနေကြောင်း၊ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများကို အသိပေးပြောဆိုသည်ဟု သိရှိရသည်။

၁၀ စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်အဆုံးသတ်ခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု အများစုကို ပယ်ဖျက်ပေးခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ဓါတ်ပုံ- အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Antony Blinken နှင့် တွေ့ဆုံဆွေးနွေး နှင့်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေးစဉ်
Photo Credit – သူရ ဦးရွှေမန်း FB

ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

http://burma.irrawaddy.org/news/2015/05/05/74531.html

Comments

Leave a Reply