မေ ၁၇၊ ၂၀၁၅
M-Media
– ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်အား ဖောက်ထွင်းဝင်ရောက်မည်ဟု Twitter စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီးနောက် FBI က ဖမ်းဆီးထိန်းသိမ်းထားသည့် ကွန်ပျူတာ လုံခြုံရေး ပညာရှင်တစ်ဦးက ၎င်းအနေဖြင့် ထိုကဲ့သို့ ထိုးဖောက်ဝင်ရောက်မှုမျိုးကို ယခင်က အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။
One World Labs ကို တည်ထောင်သူ ခရစ် ရောဘတ်ဆိုသူဖြစ်ပြီး ချီကာဂိုမှ နယူးယောက်သို့ ပျံသန်းမည့် United လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်၏ ကွန်ပျူတာစနစ်ကို ချိုးဖျက်ဝင်ရောက်မည်ဟု ဧပြီလက ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာခဲ့သည်။
FBI ကမူ ရောဘတ်အနေဖြင့် ထိုသို့လုပ်နိုင်သည်ဟု ယခင်က ပြောကြားခဲ့ဖူးသောကြောင့် ထိုကြေညာမှုအတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု ချက်ချင်းတုန့်ပြန်ခဲ့သည်။ ထို့နောက် ၎င်းအား ဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ ပစ္စည်းများကိုလည်း သိမ်းယူခဲ့သည်။
APTN National News မှ ရရှိခဲ့သည့် တရားရုံးမှတ်တမ်းတွင် ရောဘတ်က ၎င်း၏ သုတေသနအတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းအထိ လေယာဉ်များ၏ ကွန်ပျူတာစနစ်အတွင်းသို့ အကြိမ် ၂၀ ခန့် ဖောက်ထွင်းဝင်ရောက်ခဲ့ဖူးသည်ဟု FBI အေးဂျင့်များကို ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် လေယာဉ်တစ်စီး၌ ထိုကဲ့သို့ ဖောက်ထွင်းဝင်ရောက်မှုအတွင်း လေယာဉ်အင်ဂျင် စက်ရှိန်ကို အတင်အချပြုလုပ်ကာ လေယာဉ် ဘေးတိုက်ရွေ့လျားအောင် လုပ်နိုင်ခဲ့သည်ဟုလည်းဆိုသည်။ သို့သော်လည်း မည်သည့်လေယာဉ်များအား ဖောက်ထွင်းဝင်ရောက်ခဲ့သည်ကို တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိချေ။
Ref: RT
Leave a Reply
You must be logged in to post a comment.