News @ M-Media

အမေရိကန်စစ်အခြေစိုက်စခန်း ဖယ်ရှားရန် ဂျပန်ပြည်သူများ ဆန္ဒပြ

မေ ၁၇၊ ၂၀၁၅
M-Media

japan

– အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား ပြန်လည်နေရာချထားရန် စီစဉ်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဂျပန်ပြည်သူများမှာ အိုကီနာဝါကျွန်းနှင့် နိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဆန္ဒပြခဲ့ကြပြီး ပြည်သူများ၏ အသံကို နားမထောင်သည့် အစိုးရအား ဝေဖန်ခဲ့သည်။

အဆိုပါဆန္ဒပြမှုမှာ အိုကီနာဝါကျွန်း ဂျပန်အချုပ်အခြာလက်အောက်သို့ ပြန်လည်ရောက်ရှိသည့် ၄၃ နှစ်မြောက် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သော သောကြာနေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြန့်နှံ့ ကူးစက်ခဲ့သည်။

သောကြာနေ့က ဆန္ဒပြမှုတွင် လူပေါင်း ၁၅၀၀၀ ခန့်သာ ရှိခဲ့သော်လည်း အိုကီနာဝါမြို့တော် နာဟာ၌ ယနေ့ဆန္ဒပြမှုတွင် လူပေါင်း ၃၅၀၀၀ ခန့် ပါဝင်ခဲ့သည်ဟု စီစဉ်သူများက ပြောကြားခဲ့သည်။ ဆန္ဒပြသူများမှာ “အာဏာပိုင်များကို အရှုံးမပေး” ဟူသော စာတမ်းကို ကိုင်ဆောင်ခဲ့ကြပြီး အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများကိုလည်း ကျွေးကျော်ခဲ့ကြသည်။

ဂျပန်နိုင်ငံနှင့် ကာကွယ်ရေးမဟာမိတ် အစိတ်အပိုင်းအဖြစ် အိုကီနာဝါတွင် အမေရိကန် စစ်သည်အင်အား ၂ သောင်းကျော်ရှိနေပြီး ဒေသခံများကမူ ထိုပမာဏမှာ အလွန်များပြားနေသည်ဟု ပြောကြားခဲ့သည်။

အမေရိကန်စစ်သားသုံးဦးက ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့် တင်းမာမှုများကို ဖြေလျော့ရန်အတွက် ၁၉၉၆ ခုနှစ်တွင် အိုကီနာဝါရှိ ဖူတန်မာ လေတပ်အခြေစိုက်စခန်းကို ကျွန်းအတွင်း အခြားနေရာသို့ ရွှေ့ပြောင်းရန် အစီအစဉ်ရှိနေသည်ဟု အမေရိကန်က ကြေညာခဲ့သည်။ ထိုသို့ရွှေ့ပြောင်းရန်အတွက်လည်း အဆောက်အဦးများကို ဆောက်လုပ်နေသည်။

သို့သော်လည်း ဒေသခံများကမူ အဆိုပါရွှေ့ပြောင်းမှုကို လက်မခံဘဲ အခြေစိုက်စခန်းကို လုံးဝဖယ်ရှားရမည်ဟုဆိုသည်။

“ဒီကိစ္စ ၁၉ နှစ်လောက် ရပ်နေတာကို အစိုးရက ကျွန်တော်တို့ကို အပြစ်တင်ပါတယ်။ (အခြေစိုက်စခန်းနေရာအတွက်) သူတို့က အခြားနေရာတစ်ခုရှာဖို့ ကျွန်တော်တို့ကို ပြောတယ်။ ဒါဟာ သိပ်လွန်ပါတယ်” ဟု အိုကီနာဝါရှိ နာဂိုမြို့ အုပ်ချုပ်ရေးမှူးဖြစ်သူ ဆူဆူမူ အီနာမိုင်းက ဆန္ဒပြပွဲတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ အခြေခံဥပဒေအရ အိုကီနာဝါ ဒေသအစိုးရမှာ အဆိုပါ စီမံကိန်းကို ပယ်ချခွင့် ရှိနေသည်။

Ref: RT, Aljazeera

Comments

Leave a Reply