News @ M-Media

စစ်ဒဏ်ခံ အီရတ်ပြည်သူများကို ဆက်လက်ထောက်ပံ့ရန် ဒေါ်လာ သန်း ၅၀၀ နီးပါး လိုအပ်နေ

ဇွန် ၅၊ ၂၀၁၅
M-Media

– IS စစ်သွေးကြွများနှင့် ပဋိပက္ခများ ဖြစ်ပွားနေသော အီရတ်ရှိ ဆိုးရွားလာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများအား ရင်ဆိုင်ရန်အတွက် ကန်ဒေါ်လာ သန်း ၅၀၀ အကူအညီပေးရန် ကုလသမဂ္ဂက နိုင်ငံတကာသို့ တောင်းခံလိုက်သည်။

အီရတ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး လစ်စီဂရန်ဒီက ထိုကဲ့သို့ တောင်းခံလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ရန်ပုံငွေများ ချက်ခြင်းထပ်မရပါက အီရတ်တွင် ဆောင်ရွက်နေသည့် အကူအညီပေးရေးလုပ်ငန်းများမှ ထက်ဝက်ကျော်ကို လျှော့ချခြင်း၊ သို့မဟုတ် ပိတ်ပစ်ခြင်းတို့ ဆောင်ရွက်ရတော့မည်ဟု
ထည့်သွင်းပြောကြားခဲ့သည်။

နေအိမ်များမှာ ထွက်ပြေးကြရသော သို့မဟုတ် အီရတ်တပ်ဖွဲ့များနှင့် IS တိုက်ခိုက်ရေးသမားများအကြား ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် ထိခိုက်ခံစားရသော အီရတ်ပြည်သူ သန်းပေါင်းများစွာအတွက် နောက်ထပ် ၆ လ နေရာထိုင်ခင်း၊ အစားအသောက်နှင့် ရေများပေးရန်အတွက် ကန်ဒေါ်လာ ၄၉၇ သန်း လိုအပ်နေပြီး အလှူရှင်များထံ တောင်းဆိုနေသည်ဟု
ကုလကဆိုသည်။

“လာမယ့်လတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေဟာ ပိုပြီး ဆိုးလာပါတော့မယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ၁၀ သန်းသော အီရတ်ပြည်သူတွေဟာ အသက်ဘေးကာကွယ်ရေး အကူအညီတွေကို လိုအပ်လာမယ့် အလားအလာ ရှိနေပါတယ်” ဟု
ဂရန်ဒီက ပြောကြားခဲ့သည်။

အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အီရတ်ပြည်သူ ၃ သန်းနီးပါးမှာ အိုအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဂရန်ဒီကမူ အဓိက လယ်ယာစိုက်ပျိုးသည့် ဧရိယာများမှာ IS ၏ ထိန်းချုပ်မှု လက်အောက် ကျရောက်နေသောကြောင့် အီရတ်ပြည်သူ ၄.၄ သန်းကျော်မှာ အစားသောက်များ လိုအပ်နေသည်ဟု ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာဖြစ်သော မာဂရတ်ချန်ကလည်း ကျန်းမာရေး၊ ရေရရှိရေး၊ မိလ္လာစနစ်များနှင့်ဆိုင်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း ပြိုလဲပျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

Ref: Reuters

Comments

Leave a Reply