ဇွန် ၆၊ ၂၀၁၅
M-Media
– အရှေ့အလယ်ပိုင်းတွင် သွားရောက်တိုက်ခိုက်ရန် စီစဉ်နေသူ မွတ်စလင်လူငယ်များအား အမေရိကန်မှ ရှေ့ဆောင်အီမာမ် မိုဟာမက် မဂျစ်ဒ်က အခြေခံကျကျ တွေးခေါ်မှုကို အသုံးပြုခြင်း၊ အစ္စလာမ်နှင့်ပတ်သက်သည့် မှားယွင်းသော ယူဆချက်များကို ပြင်ဆင်ခြင်းတို့ဖြင့်
လမ်းမှန်ရောက်အောင် ဆောင်ရွက်ပေးနေကာ ဗလီဝတ်ကျောင်းတော်များမှ ရှေ့ဆောင် အီမာမ်များနှင့် တရားဟောဆရာများအတွက် အတုယူစရာ ဖြစ်လာခဲ့သည်
“’အစ္စလာမ်မှာ လူတစ်ယောက်ကို အရှင်လတ်လတ် မီးရှို့လို့ ရလို့လား – ငါ့ကို ရှင်းပြစမ်းပါကွာ’ လို့ ကျွန်တော်ပြောပါတယ်။ သူ မဖြေနိုင်ပါဘူး။ ကုရ်အာန်ကျမ်းတော်မြတ် ဒါမှမဟုတ် တမန်တော်မြတ်ရဲ့ သင်ကြားချက်တွေမှာ တစ်ယောက်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ ခွင့်ပြုတဲ့ ဘယ်လို အထောက်အထားမျိုးမှ မရှိပါဘူး။ ဒါကို တားမြစ်ထားတဲ့ အထောက်အထားတွေပဲ ရှိပါတယ်” ဟု အီမာမ် မဂျစ်ဒ်က Think Progress သို့ ဇွန်လ ၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
မဂျစ်ဒ်မှာ အမေရိကန်ရှိ တတိယအကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သော ဗာဂျီးနီးယားပြည်နယ် စတာလင်မြို့ရှိ ADAMS ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်ပြီ IS အဖွဲ့နှင့် ဆက်သွယ်ရန်အတွက် ဆီးရီးယားသို့သွားရန် ဆန္ဒရှိသူ လူငယ်များကို ချဉ်းကပ်ကာ ဖျောင်းဖျနေသူဖြစ်သည်။
၎င်း၏အဆိုအရ စစ်သွေးကြွအဖွဲ့များမှာ ကုရ်ကျမ်းတော်တော်မြတ်နှင့် အစ္စလာမ်သမိုင်းများကို ပုံဖျက်ကာ လူငယ်များကို ဖျားယောင်းနေကြသည်ဟု ဆိုသည်။ မဂျစ်ဒ်ကမူ ထိုသို့ ပုံဖျက်အတွေးအခေါ်များအား ဖျက်ဆီးပစ်ရန် လွယ်ကူသည်ကို ဆွေးနွေးမှုများအရ သိရသည်ဟု ဆိုသည်။
“သူတို့ ကျွန်တော့်ကို ပြောတဲ့တစ်ချက်က ကမ္ဘာတစ်ဝှမ်း မွတ်စလင်တွေဟာ အရှက်တကွဲအကျိုးနည်း ဖြစ်နေရတယ် ဆိုတာပါပဲ။ ကျွန်တော်ကလည်း ‘IS က တကယ် အကူအညီပေးတယ်လို့ မင်းတို့ထင်လို့လား’ လို့ ပြန်မေးပါတယ်။ IS က အခြားအဖွဲ့အစည်းတွေထက် ပိုပြီး မွတ်စလင်တွေကို သတ်ခဲ့တာလေ။ Fairfax ကောင်တီမှာ လုပ်သလို အကူအညီပေးရေး ကြိုးပမ်းမှုတွေမှာ ဘာ့ကြောင့် တစ်ဖက်တစ်လမ်းက မပါဝင်ကြတာလဲ။ ကျွန်တော်တို့ဟာ ဆောင်းတွင်းတိုင်းမှာ ခြုံစောင်တွေစုပြီး ဆီးရီးယားက ဒုက္ခသည်တွေကို ပို့ပေးပါတယ်” ဟု မဂျစ်ဒ်က ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းဖျောင်းဖျခဲ့သော ဆယ်ကျော်သက်များမှာ အမျဉ်းကျဉ်းမြောင်းကြပြီး လူဆိုးဂိုဏ်းများထံ သွားရောက်ပူးပေါင်းနေသည့် လူငယ်များကဲ့သို့ပင်ဖြစ်သည်ဟု ဆိုသည်။ အန္တရာယ်ကျလုဆဲဆဲ ဖြစ်သည့်အခါတွင် ADAMS ဗလီဝတ်ကျောင်းတော်မှာ ဥပဒေစိုးမိုးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“မွတ်စလင်တွေနဲ့ ပတ်သက်လာရင် စိတ်ပိုင်းဆိုင်ရာ အကြောင်းတရားကို ဘာ့ကြောင့် လူတွေက မစဉ်းစားကြတာလဲမသိဘူး။ မွတ်စလင်ဟာ စိတ်ရောဂါမဖြစ်တဲ့သူတွေလို့ ထင်နေကြတယ်ထင်တယ်။ မွတ်စလင်မဟုတ်တဲ့သူတစ်ယောက် တစ်ခုခု မဟုတ်တာလုပ်လိုက်ပြီဆိုရင် သူတို့ ပထမဆုံးပြောတာက ‘သူ့ရဲ့ စိတ်ကျန်းမာရေးကို စစ်ကြည့်အုံး’ ဆိုတာပါပဲ။ ဒါပေမယ့်
မွတ်စလင်တစ်ယောက် ဖြစ်ပြီဆိုရင်တော့ ‘မဟုတ်ဘူး သူတို့ စိတ်ကျန်းမာရေး ဘာမှမဖြစ်ဘူး။ ခင်ဗျားသိလား သူဟာ စိတ်ပိုင်းဆိုင်ရာ ဘာအနှောက်အယှက်မှ မရှိဘူး’လို့ ပြောကြတယ်” ဟု မဂျစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။
IS အဖွဲ့မှာ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်လူငယ်များကို ခံယူချက်အမှားများ၊ သတင်းအချက်အလက် အမှားများဖြင့် ဖျားယောင်းသိမ်းသွင်းလျက် ရှိနေသည်။
အစ္စလာမ်သာသနာ သန္ဓေတည်ရာ ဆော်ဒီအာရဗျ၊ အစ္စလာမ်ကမ္ဘာတွင် သြဇာအရှိဆုံး ဘာသာရေးအဖွဲ့တည်ရှိရာ အီဂျစ်နိုင်ငံမှ အလ်-အဇ်ဟာရ်တက္ကသိုလ် စသည်တို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ပညာရှင်များနှင့် အသင်းအဖွဲ့များက IS အဖွဲ့နှင့် ၎င်းတို့၏ လုပ်ရပ်များကိုပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပြီး IS အစ္စလာမ်၏ နံပါတ်တစ်ရန်သူ ဖြစ်သည်ဟု သတ်မှတ်ထားသည်။ IS အဖွဲ့အား တွန်းလှန်တိုက်ခိုက်မှုကို မွတ်စလင်နိုင်ငံများက ဦးဆောင် ပြုလုပ်နေကြသည်။
Ref: Onislam
Leave a Reply
You must be logged in to post a comment.