News @ M-Media

တိမ်းမှောက်တရုတ်သင်္ဘော သေဆုံးသူ ၃၀၀ ကျော်ပြီ

ဇွန် ၆၊ ၂၀၁၅
M-Media

china

– တနင်္လာနေ့ညပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ယန်ဇီမြစ်တွင် နစ်မြုပ်သွားသည့် ဇိမ်ခံသင်္ဘောမှ သေဆုံးသူအရေအတွက်မှာ ၃၃၁ ဦး ရှိလာခဲ့ပြီဟု မီဒီယာများက ဖော်ပြခဲ့ကြပြီး နှစ်ပေါင်း ၇၀ အတွင်း အဆိုးဝါးဆုံးသော ရေကြောင်းဖြစ်ရပ်ဆိုးကြီးလည်း ဖြစ်သည်။

မုန်တိုင်းကြောင့် နစ်မြုပ်သွားခဲ့ပြီးနောက် ဇောက်ထိုးဖြစ်သွားခဲ့သည့် Eastern Star အမည်ရ အဆိုပါသင်္ဘောကို ယမန်နေ့က ပြန်လည်တည့်မက်ခဲ့ပြီးနောက် ရှာဖွေမှုများ ပြုလုပ်ရာတွင် ထိုကဲ့သို့ အလောင်းများ ပိုမိုတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အသက် ၆၀ ကျော်အရွယ် ခရီးသွားအများစု ပါဝင်ပြီး လူပေါင်း ၄၅၆ ဦး လိုက်ပါသွားသည့် အဆိုပါ သင်္ဘောမှ ၁၄ ဦးသာ အသက်ရှင်လျက် ကယ်ဆယ်ရရှိခဲ့သည်။ တာဝန်ရှိသူများကမူ ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီအထိ ဆယ်ယူရရှိသော အလောင်းများမှာ ၃၃၁ လောင်း ရှိသွားပြီဟု ကြေညာခဲ့သည်။

ပျောက်ဆုံးနေသော ၁၀၀ ကျော်ကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေပြီး အသက်ရှင်လျက် ရှိနေသူများကို တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တိမ်းမှောက်ခဲ့သည့်အချိန် မတိုင်မီ ညနေပိုင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့သော်လည်း အဘယ့်ကြောင့် ဆက်လက်မောင်းနှင်ခဲ့ရသနည်းဆိုသည်ကို သေဆုံးသွားသူများ၏ ဆွေမျိုးများက မေးခွန်းထုတ်ခဲ့ကြကာ အဆိုပါသင်္ဘော တိမ်းမှောက်မှုအတွက် မကျေမနပ် ဖြစ်နေကြသည်။

အသက်ရှင်လျက် ကယ်ဆယ်ရရှိသူများတွင် သင်္ဘောကပ္ပတိန်နှင့် အင်ဂျီနီယာချုပ်တို့ ပါဝင်ပြီး ၎င်းတို့အား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားသည်။

Ref: Aljazeera

Comments

Leave a Reply