ဇွန် ၁၅၊ ၂၀၁၅
M-Media
– ဗင်နီဇွဲလားအသင်းကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် မိမိတို့အသင်းအား ဝေဖန်မှုများကို ကိုလံဘီယာနည်းပြ ဂျိုဆေး ပီကာမန်က ပယ်ချခဲ့ပြီး ထိုရှုံးပွဲမှ ပြန်လာမည်ဟု ပြောကြားလိုက်သည်။
ကိုပါအမေရိကဖလား အုပ်စု C အဖွင့်ပွဲစဉ်အဖြစ် ယနေ့နံနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဗင်နီဇွဲလားအသင်းမှာ ဆာလိုမွန် ရွန်ဒန်၏ ဒုတိယပိုင်း ခေါင်းတိုက်ဂိုးဖြင့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရောက် ကိုလံဘီယာအသင်းအား အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကိုလံဘီယာမှာ ထိုပွဲတွင် ခြေစွမ်းမပြနိုင်ဘဲ ဗင်နီဇွဲလားအသင်း၏ ဂိုးပေါက်ကိုလည်း ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိချေ။ ယခုပွဲအရှုံးကြောင့် ကိုလံဘီယာအသင်းမှာ နောက်တစ်ဆင့်တက်ရန် ရုန်းကန်ရတော့မည်ဖြစ်ပြီး နည်းပြ ပီကာမန်ကမူ မျှော်လင့်ချက်ကြီးကြီး ထားနေသည်။
“အရှုံးအတွက် ကျွန်တော်တို့ နောင်တရပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ကောင်းဖြစ်ခဲ့တဲ့အတွက် ဗင်နီဇွဲလားကို ကျွန်တော်တို့ ချီးကျူးပါတယ်။ ဒါဟာ ကစားပုံမှန်ဖို့ အမြဲတမ်း အချိန်နည်းနည်းယူရတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ နမူနာယူစရာ အဖွင့်ပွဲစဉ် ဖြစ်ပါတယ်။ ကံမကောင်းစွာဘဲ ဒီပွဲရဲ့ရလဒ်က အကူအညီ မဖြစ်ခဲ့ပါဘူး။ ပွဲကို ကျွန်တော်တို့ အချိတ်အဆက်မမိခဲ့သလို ကျွန်တော်တို့ များသောအားဖြင့် လုပ်လေ့ရှိတဲ့ တိကျတဲ့ ပေးပို့မှုတွေလည်း မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ အခက်အခဲတွေရှိခဲ့ပါတယ်” ဟု ပီကာမန်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ကိုလံဘီယာမှာ ပီရူးအား အနိုင်ရခဲ့သည့် ဘရာဇီးလ်အသင်းနှင့် ဗုဒ္ဓဟူးနေ့တွင် ကစားရမည်ဖြစ်ပြီး ပီကာမန်ကမူ အသင်းအား သိသိသာသာ ပြောင်းလဲမှု လုပ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကစားပုံကို ပြောင်းသွားမှာ မဟုတ်ပါဘူး။ ပြိုင်ဘက်အားလုံးဟာ အရေးပါပါတယ်”
Ref: Goal


Leave a Reply
You must be logged in to post a comment.