ဇွန် ၁၅၊ ၂၀၁၅
M-Media
– ယူကရိန်းအရေး ရုရှားက ၀င်ရောက်စွက်ဖက်မှုကြောင့် ခြောက်ခြားနေသော မဟာမိတ်နိုင်ငံများအား စိတ်သက်သာရာ ရစေရန်အတွက် အမေရိကန်မှာ ဘောလ်တစ်နိုင်ငံများနှင့် ဥရောပအရှေ့ပိုင်း နိုင်ငံများ၌ ကြီးမားသည့် စစ်ဘက်ဆိုင်ရာ လက်နက်ကိရိယာများကို ထားရှိရန် အစီအစဉ်ရှိနေသည်ဟု အမေရိကန်အာဏာပိုင်မျာက ပြောကြားလိုက်သည်။
ထိုအစီအစဉ်မှာ တစ်ချိန်က ဆိုဗီယက်သြဇာအောက် ရောက်ခဲ့ဖူးပြီး နေတိုးအဖွဲ့၏ အဖွဲ့ဝင်အသစ် ဖြစ်လာသော နိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ လက်နက်ကြီးများချထားရန် ၀ါရှင်တန်၏ ပထမဆုံး ဆောင်ရွက်မှုလည်း ဖြစ်သည်။
နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးသော်လည်း ပင်တဂွန်မှာ ဥရောပတွင် တိုက်ပွဲဝင်တင့်ကားများ၊ ခြေလျင်သုံး တိုက်ခိုက်ရေးယာဉ်များနှင့် အခြားလက်နက်ကြီးများ အပါအ၀င် စစ်သား ၅၀၀၀ ခန့် တပ်ဖြန့်ချထားရန် ဟန်ပြင်နေသည်ဟု အမည်မဖေါ်လိုသည့် စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဘောလ်တစ်နိုင်ငံများဖြစ်သော လစ်သူယေးနီးယား၊ လတ်ဗီးယားနှင့် အက်စ်တိုးနီးယားနိုင်ငံများ၊ ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီယားနိုင်ငံများတွင် စစ်သားများနှင့် စစ်လက်နက်များ ချထားရန်လည်း မျှော်မှန်းနေသည်ဟု ၎င်းက ထည်သွင်းပြောကြားခဲ့သည်။
အခြား အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကလည်း မိမိတို့မှာ အရေးပါသည့် စစ်လက်နက်များကို ချထားသွားမည်ဟု ပြောကြားခဲ့ကာ ဥရောပတွင် အမေရိကန်မှ စစ်လက်နက်များ ချထားမည်ဟု ယမန်နေ့က နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးကိုလည်း ၎င်းတို့ ၂ ဦးစလုံးက အတည်ပြုခဲ့သည်။
ပိုလန်နှင့် လစ်သူယေးနီးယားနိုင်ငံတို့ကမူ ဒေသတွင်းရှိ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံများတွင် လက်နက်ကြီးများ ထားရှိခြင်းအတွက် ၀ါရှန်တန်နှင့် ဆွေးနွေးနေသည်ဟု အတည်ပြု ပြောကြားခဲ့သည်။ အမေရိကန်၏ အဆိုပါအစီအစဉ်က ရုရှားကို စိတ်ဆိုး
ဒေါသထွက်စေမည်ဖြစ်သည်။
Ref: Reuters
Leave a Reply
You must be logged in to post a comment.