ဇွန် ၂၂၊ ၂၀၁၅
M-Media
– ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကျင်းပခွင့်ကို မိမိတို့နိုင်ငံက ရိုးရိုးသားသားနှင့် မျှမျှတတ ရခဲ့ခြင်းဖြစ်သည်ဟု ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။
လာဘ်ယူမှုဖြင့် ဖီဖာတာဝန်ရှိသူများ အက်ဖ်ဘီအိုင်၏ ဖမ်းဆီးတရားစွဲဆိုခြင်းကို ခံခဲ့ရပြီးနောက် ဆွစ်ဇာလန်အာဏာပိုင်များက မိမိတို့မှာ ၂၀၁၈ ကမ္ဘာဖလားအိမ်ရှင်အဖြစ် ရုရှားကို ရွေးချယ်မှုနှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်မှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
ဖီဖာ၏ စာရင်းစစ်နှင့် စီစစ်ရေးကော်မတီ အကြီးအကဲ ဒိုမီနီကို စကာလာကလည်း အကယ်၍ အဆိုပါ ကမ္ဘာ့ဖလား ၂ ခု၏ အိမ်ရှင်ရွေးချယ်မှုတွင် ချစားမှုများ ရှိခဲ့ပါက နှစ်နိုင်ငံစလုံး ကျင်းပခွင့် ရုပ်သိမ်းခံရမည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း ပူတင်ကမူ ရုရှားအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်မှာ သေချာပြီး မိမိတို့တွင် မည်သည့်ဖုံးကွယ်စရာမှ မရှိဟု ဆိုသည်။
“တစ်ယောက်ယောက်မှာ အထောက်ထားရှိရင် သူတို့ကို ပြခွင့်ပြုလိုက်ပါ။ ကျွန်တော်တို့ဟာ မျှမျှတတနဲ့ ရွေးချယ်ခံရတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ (ပြိုင်ပွဲအတွက်) အရိုးသားဆုံးစိတ်ဓာတ်နဲ့ ပြိုင်ခဲ့ပြီး ကျွန်တော်တို့ နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဖီဖာက ယုံကြည်ခဲ့သလိုပဲ ကျွန်တော်တို့ဟာ
အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ကစားကွင်းဆောက်လုပ်မှုကိုလည်း စတင်ပြီးခဲ့ပါပြီ” ဟု ပူတင်က ပြောကြားခဲ့သည်။
ဖီဖာဒုဥက္ကဌဟောင်း ဂျက်ဝါနာမှာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် တောင်အာဖရိက၏ ကမ်းလှမ်းမှုကို ထောက်ခံပေးရန် လာဘ်ယူခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ဆွစ်ဇာလန်အာဏာပိုင်များကလည်း ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် စုံစမ်းစစ်ဆေးမှုများအတွင်း ဘဏ်အကောင့် ၁၀၀ ကျော်တွင် သံသယဖြစ်စရာ အခြေအနေများ တွေ့ခဲ့ရသည်ဟု အတည်ပြုပြောကြားထားသည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.