ဇွန် ၂၂၊ ၂၀၁၅
M-Media
– လက်နက်ထုတ်လုပ်သူများ သို့မဟုတ် လက်နက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့မှာ ခရစ်ယာန်များဟု ပြောလျှင် အယောင်ဆောင်များပင် ဖြစ်လိ့မ်မည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
၎င်း၏ အီတလီခရီးစဉ် ပထမနေ့အဖြစ် တူရင်မြို့၌ လူငယ်များနှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လူတွေကိုသာ ယုံကြည်ခဲ့ရင် ဆုံးရှုံးသွားတာပါပဲ။ ငါ စဉ်းစားမိတာ လူတွေ၊ မန်နေဂျာတွေ၊ စီးပွားရေးသမားတွေက သူတို့ကိုယ်သူတို့ ခရစ်ယာန်လို့ခေါ်ကြတယ်။ ပြီးတော့ လက်နက်တွေထုတ်လုပ်ကြတယ်။ ဒါဟာ (ခရန်ယာန်ဖြစ်ကြောင်း) သံသယဖြစ်စေတာ မဟုတ်ဘူးလား” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
ထို့ပြင် လူငယ်များအား စစ်ပွဲ၊ ယုံကြည်မှုနှင့် နိုင်ငံရေးအကြောင်းများကိုလည်း ပြောခဲ့ကာ စောစောပိုင်းက ပြောကြားရန် စီစဉ်ထားသည့် ကြောင်းအရာများကို မပြောဘဲ ဖျက်၍ ၎င်းစိတ်ကြိုက် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်နက်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများကိုလည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပြီး “လှည့်စားခြင်းက ယနေ့ခေတ် ငွေကြေးဖြစ်နေကာ၊ တစ်ခုကိုပြော၍ အခြားတစ်ခုကို လုပ်နေကြသည်” ဟု ဆိုသည်။
နာဇီများက ဂျူးများအား မျိုးတုန်းသတ်ဖြတ်သည့် ဟိုလိုကော့စ် အစီအစဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဂျူးတွေ၊ ခရစ်ယာန်တွေ၊ လိင်တူဆက်ဆံသူတွေနဲ့ လူတိုင်းကိုသတ်ဖို့ ဆောက်ထားတဲ့ အော့ဇ၀စ်လို အကျဉ်းစခန်းတွေကို ရထားတွေရောက်စေတဲ့ ရထားလမ်းမြေပုံတွေ အင်အားကြီးနိုင်ငံတွေမှာ ရှိခဲ့ပါတယ်။ ဘာ့ကြောင့် အဲဒီရထားလမ်းတွေကို သူတို့ ဗုံးမကြဲခဲ့တာလဲ”
ပုပ်ရဟန်းမင်းကြီးမှာ စစ်ပွဲများ၊ လက်နက်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားလေ့ရှိပြီး ပြီးခဲ့သည့်လကလည်း လက်နက်ထုတ်လုပ်သည့် နိုင်ငံများမှာ ငြိမ်းချမ်းရေးကို မလိုချင်ကြဟု ပြောကြားခဲ့ဖူးသည်။
Ref: Reuters


Leave a Reply
You must be logged in to post a comment.