ဇူလိုင် ၃၁၊ ၂၀၁၅
M-Media
– ပါလက်စတိုင်းပိုင်ဖြစ်ပြီး အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းအိမ်တစ်အိမ်ကို ဂျူးများက မီးရှို့မှုအတွင်း အသက် ၁၈ လ အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
နဘ်လုစ်မြို့ တောင်ဘက် ဒူးမားရွာရှိ အဆိုပါအိမ်ကို ပါလက်စတိုင်းပိုင်းနက်အတွင်း အစ္စရေးက ကျူးကျော်တည်ဆောက်ထားသည့် တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးများက ယမန်နေ့တွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူ ကလေးငယ်မှာ အလီ စအဒ် ဒါဝါဘက်ရှ်ဆိုသူဖြစ်ပြီး မိဘနှစ်ပါးနှင့် အသက် ၄ နှစ်အရွယ် အကိုဖြစ်သူတို့၏ ခန္ဓာကိုယ် ၇၅ ရာခိုင်နှုန်းမှာ မီးလောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့သည်ဟု ရာဖီဒီယာ ဆေးရုံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်မှုလုပ်ရပ်ဖြစ်ကာ မိမိတို့အနေဖြင့် ပြည့်ဝသည့် စုံစမ်စစ်ဆေးမှုများကို ပြုလုပ်နေပြီး ကျူးလွန်သူကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူလ် အာရ်ဒီနီဟ်ကမူ အစ္စရေးအစိုးရမှာ ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းအား အားပေးမှုနှင့် ထိုအိမ်ယာများတွင်နေထိုင်သူ ဂျူးများအား ကာကွယ်ပေးမှုတို့ကြောင့် ယခုရာဇ၀တ်မှုအတွက် အစ္စရေးအစိုးရတွင် လုံးဝ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ပါလက်စတိုင်းများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တိတ်ဆိတ်နေမှုကိုလည်း ပြစ်တင်ခဲ့ကာ ရာဇ၀တ်မှုများအား နှုတ်ဖြင့်သာ ရှုတ်ချနေမှုများကို လက်မခံနိုင်တော့ကြောင်း၊ အစ္စရေးမှ တိုက်ခိုက်သူများအား တာဝန်ယူစေရန် လက်တွေ့ဆောင်ရွက်ခြင်းနှင့် အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ရေးသာ လိုအပ်ကြောင်း
ထည့်သွင်းပြောကြားခဲ့သည်။
မီးရှို့ဖျက်ဆီးမှုတွင် ဒူးမားရွာအ၀င်အ၀ရှိ ပါလက်စတိုင်းအိမ်နှစ်လုံး လောင်ကျွမ်းခဲ့ပြီး နံရံများတွင်လည်း စော်ကားသည့်မှတ်ချက်များကို ဟီဘရူးဘာသာစကားဖြင့် ရေးသားခဲ့သည်။ မျက်မြင်သက်သေတစ်ဦးကမူ အခင်းဖြစ်ရာနေရာမှ ဂျူးအခြေချေနေထိုင်သူ အနည်းဆုံး ၄ ဦး
ထွက်ပြေးသွားသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
ဒူးမားရွာအနီးတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာ အနည်းဆုံး ၃ ခု ရှိနေသည်။ အနောက်ဘက်ကမ်းတွင် ၂၀၁၅ ခုနှစ်မှစ၍ အစ္စရေးမှ အခြေချသူများ၏ ပါလက်စတိုင်းများအား တိုက်ခိုက်မှုမှာ အနည်းဆုံး ၁၂၀ ခန့်ရှိသည်ဟု ကုလ၏ မှတ်တမ်းများအရ
သိရသည်။
အစ္စရေးလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Yesh Din ကမူ ထိုတိုက်ခိုက်မှုများအတွက် ပါလက်စတိုင်းတို့က အစ္စရေးရဲတပ်ဖွဲ့အား တိုင်ကြားမှုမျာ၏ ၉၂.၆ ရာခိုင်နှုန်းမှာ မည်သည့်အရေးယူမှုမှ မရှိဟု မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.