News @ M-Media

အိန္ဒိယရှိ တံတားတစ်ခုထဲတွင် ရထားနှစ်စီး လမ်းချော်က မြစ်ထဲကျ

သြဂုတ် ၅၊ ၂၀၁၅
M-Media

train

– အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ် ပြည်နယ်တွင် ဆန့်ကျင်ဘက်လားရာသို့ သွားရောက်နေသည့် ရထားနှစ်စီးမှာ မြစ်တစ်ခုထဲသို့ လမ်းချော်တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Kamayani Express ရထားမှာ ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံက ဟာရ်ဒါမြို့မှ ကီလိုမီတာ ၂၀ ကွားဝေးသည့် ကူဒါဝါ ဘူတာအနီးရှိ တံတားတစ်ခုတွင် လမ်းချော်ကာ မာချက်မြစ်ထဲသို့ ထိုးဆင်းသွားခဲ့ပြီး၊ မိနစ်အနည်းငယ်အကြာတွင် ဆန့်ကျင်ဘက်ခရီးဖြစ်သော ပတ္တာနမှ မွမ်ဘိုင်းသို့သွားသည့် Janata Express ရထားမှာ ထိုတံတားတွင်ပင် လမ်းချော်ကာ မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့မူ အလောင်း ၁၉ လောင်းကို ဆယ်ယူရရှိထားသော်လည်း သေဆုံးသူများ မြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများလည်း ရှိနေသည်။ ကယ်တင်ထားနိုင်သည့် ခရီးသည်အရေအတွက်မှာ အနည်းဆုံး ၃၀၀ ရှိနေပြီး မျက်မြင်သက်သေများကမူ လူအများအပြားမှာ ပျောက်ဆုံးနေသည်ဟု ပြောကြားခဲ့သည်။ ပထမရထား၏ အတွဲ ၇ တွဲနှင့် ဒုတိယ ရထား၏ အတွဲ ၃ တွဲမှာ ရေထဲသို့ ရောက်ရှိကာ နစ်မြှုပ်သွားခဲ့သည်။

အိန္ဒိယ ရထားပို့ဆောင်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အန်နီလ် ဆာဇီနာကမူ ပြီးခဲ့သည့် သီတင်း ၂ ပတ်အတွင်း မိုးသည်းထန်စွာရာသွန်းခဲ့ကာ မြစ်ရေမှာ မြင့်တက်လာသောကြောင့် တံတား၏ တစ်စိတ်တစ်ပိုင်းမှာ ရေလွှမ်းနေသည်ဟု ပြောကြားခဲ့သည်။

ရာသီဥတုအခြေအနေနှင့် မတော်တဆဖြစ်ပွားသည့် နေရာမှာ ဝေးကွာလွန်းမှုတို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့များမှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိရန် အခက်အခဲရှိနေသည်။ ရထားပေါ်တွက် လိုက်ပါသွားသည့် ခရီးသည်တစ်ဦးကမူ တံတားအားဖြတ်ချိန်တွင် မြစ်ရေမှာ သံလမ်းအထိ လွှမ်းနေသည်ဟု ပြောကြားခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply